နေပြည်တော် အောက်တိုဘာ ၉
အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၁)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ(ကိုယ်စား) အဖွဲ့ဝင် ဦးဆန်းမြင့်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနင့် ဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ရည်ရွယ်ချက်များ အောင်မြင်ရေးအတွက် အထက်အဆင့်နှင့် အောက်အဆင့်အကြား ဌာန၏လုပ်ငန်း တာဝန်နှင့် စီမံခန့်ခွဲမှုကိစ္စရပ်များကို ဟန်ချက်ညီအောင် အလယ်အလတ်အဆင့် အရာထမ်းများက ထိန်းညှိဆောင်ရွက်ပေးရခြင်းဖြစ်၍ ကဏ္ဍအလိုက်၊ ရာထူးအဆင့်အလိုက် မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး စွမ်းဆောင်ရည် မြင့်မားသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း ဖြစ်လာစေရန် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က လေ့ကျင့်ပေးခြင်း ဖြစ်ပါကြောင်း။
နိုင်ငံသားတိုင်း လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာကြပြီး နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်ကို ဦးထိပ်ပန်ဆင်ကာ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်အပါး(၃၀)ကို လိုက်နာကြပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ တိုင်းပြည်တိုးတက်ဖို့ အားဖြည့်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာဘွဲ့လက်မှတ်များ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား (၄၂)ဦး၊ သင်တန်းသူ (၄၆)ဦး၊ စုစုပေါင်း (၈၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


