နေပြည်တော် အောက်တိုဘာ ၉
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ အောက်တိုဘာ ၇ ရက်မှ ၉ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟို အကျဉ်းထောင်ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးရုံ၊ စာကြည့်တိုက်၊ သက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးနေမှုများ၊ ထောင်တွင်းစာသင်ကျောင်း၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်များ၊ သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိစသည် တို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အကျဉ်းသားများကို အိပ်ဆောင်များတွင်တွေ့ဆုံပြီး သက်နှင်းအောင်အပါအဝင် သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသား/သူ (၉၆) ဦးကိုလည်းတွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို မေးမြန်းမှတ်တမ်းတင်ခဲ့သည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုလာရောက်တွေ့ဆုံနိုင်မှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ လက်ခံရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက် လှုပ်ရှားအားကစားဆောင်ရွက်ပေးမှု၊ အတန်းပညာနှင့် အသက်မွေး ဝမ်းကျောင်းပညာ သင်ကြားပေးနေမှု အခြေအနေများ၊ အကျဉ်းသား/သူများကို အကျဉ်းထောင် ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသားအချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ ကို မေးမြန်းသည်။
အကျဉ်းသား/သူ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များ အပါအဝင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာ စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေများနှင့် ဝတ်ပြုကိုးကွယ်နေမှုတို့ကို ကြည့်ရှုမေးမြန်းပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ၊ ရသနှင့် ဘာသာရေးဆိုင်ရာ စာအုပ်စာပေများကိုလည်း ကော်မရှင်မှ လှူဒါန်းသည်။
အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြု ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


