နေပြည်တော်၊ အောက်တိုဘာ ၉
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြို့နယ် (၅) မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာလုပ်အားပေး နည်းပြများနှင့် ကြီးကြပ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် စဉ်ဆက်ပညာရေးလုပ်ငန်း ဗဟိုကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ကျောင်းပြင်ပပညာရေးကဏ္ဍ၏ အဓိကလုပ်ငန်းများဖြစ်သည့် အခြေခံစာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေးတို့ကို နှစ်စဉ်တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၅) မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းမှ ကနဦးကောက်ယူရရှိထားသည့် စာသင်သား ၄၉၆၁ ဦး၊ စာသင်ဝိုင်းပေါင်း ၄၇၉ ဝိုင်းဖြင့် စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ် ၁၀၀၇ ဦးတို့က တစ်ရက်ပျမ်းမျှ (၃) နာရီနှုန်းဖြင့် ပျမ်းမျှနာရီပေါင်း ၂၇၀ ၊ ရက်ပေါင်း (၉၀) ကြာ စာဖတ်ရှိန်မြှင့်တင်ခြင်း၊ ဝင်ငွေတိုးပွားရေးအတွက် ချိတ်ဆက်ပေးခြင်းနှင့် ဘဝသာယာရေး အသိပညာပေးခြင်းအစီအစဉ် (၃) ရပ် ပါဝင်သည့် လုပ်ငန်းဆောင်တာများကို အသိပညာပေးခြင်း၊ မျှဝေပေးခြင်းစသည့် သင်ကြား သင်ယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စဉ်ဆက်ပညာရေးလုပ်ငန်း တိုင်းဒေသကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများနှင့် စဉ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး မြို့နယ် (၅) မြို့နယ် အတွက် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်၊ နည်းပြများနှင့် စာသင်သားသုံး ထောက်ပံ့ ပစ္စည်းများ ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာဆရာများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ကာ စာသင်သားနှင့် နည်းပြများကို ရင်းရင်းနှီနှီးနှုတ်ဆက်အားပေးသည်။ ရက်ပေါင်း (၉၀) စဉ်ဆက်ပညာရေးလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၈) ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၈) ရက်အထိ ကျင်းပဆောင်ရွက်ရန် စီစဉ်ထားကြောင်းသိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်း၊ ပုသိမ်တက္ကသိုလ် ဇီဝအရင်းအမြစ်နှင့် ဇီဝနည်းပညာဖွံ့ဖြိုးရေးဌာန၊ ပုသိမ်ပညာရေးဒီဂရီ ကောလိပ်၊ ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ညောင်တုန်းမြို့နယ် ဖရုံဆိပ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းနှင့် ညောင်တုန်းမြို့နယ် မဲဇလီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


