ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် အလှူငွေစုစုပေါင်း ငွေကျပ် ၁၁ ဒသမ ၉၇ ဘီလီယံကျော် လက်ခံရရှိ

 

နေပြည်တော်၊ အောက်တိုဘာ 

 

မြန်မာနိုင်ငံအတွင်း ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေဘေးဒဏ် သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ တတိယအကြိမ် ပေးအပ်လှူ ဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများလက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

 

ဦးစွာ ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့မှု အခြေအနေများ၊ ရှာဖွေကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကို မှတ်တမ်းတင်ထားသည့် “သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှား မွန်မြတ်စိတ်ထား တွဲလက်များနှင့် ကူညီထမ်းဆောင်” Video Clip ကို ဖွင့်လှစ်ပြသသည်။

 

အလှူငွေများအသီးသီး ပေးအပ်လှူဒါန်း

 

ထို့နောက် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များနှင့် ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူရှင်များက ပြန်လည်ထူထောင်ရေး ပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။

 

mdn

 

ဆက်လက်ပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ဆက်လက်ပေးအပ်လှူဒါန်းကြရာ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒေါက်တာကံဇော်၊ ဦးမောင်မောင်အုန်း၊ ဦးခင်မောင်ရီ၊ ဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က အသီးသီးလက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

သဘာဝဘေးဖြစ်ပေါ်ခဲ့မှု အခြေအနေများနှင့် လှူဒါန်းမှုများအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြား

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် စေတနာရှင် အလှူရှင်များအားလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရန် နှုတ်ခွန်းဆက်သအပ်ပါကြောင်းဖြင့် ဦးစွာပြောကြားပြီး ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ရေကြီးရေလျှံမှု သဘာဝဘေးဖြစ်ပေါ်ခဲ့မှု အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြောကြားရာတွင် ထိုကဲ့သို့သော သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့မှုကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသကဲ့သို့ စေတနာရှင် အလှူရှင်များ အနေဖြင့် တတ်နိုင်သရွေ့လှူဒါန်းခြင်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြကြောင်း၊ ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အင်တိုက်အားတိုက်ဖြင့် အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲများ ဆောင်ရွက်ခဲ့ရာတွင် ပထမအကြိမ်၌ (ငွေကျပ် ၃၂ ဘီလီယံကျော်) ရရှိခဲ့ပြီး ဒုတိယအကြိမ်တွင် (ငွေကျပ် ၁၀ ဘီလီယံကျော်) ကိုရရှိခဲ့ကြောင်း၊ စေတနာရှင်အလှူရှင်များ အနေဖြင့်လည်း အခက်အခဲများကြားမှ လှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး ထင်မှတ်မထားလောက်သည့် များပြားသော အလှူငွေပမာဏများဖြစ်ကြောင်း၊ ယနေ့တွင်ပြုလုပ်သည့် တတိယအကြိမ် အလှူငွေပေးအပ်ပွဲသို့ စိတ်စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် လာရောက်လှူဒါန်းပေးကြသည့် အတွက်လည်း စေတနာရှင်အလှူရှင်များအားလုံးကို နိုင်ငံတော်အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကျရောက်သည့် အခြေအနေများကြုံတွေ့ချိန်၌ လူတစ်ဦးချင်းနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း အသီးသီးမှလည်း လှူဒါန်းမှုများရှိကြောင်း၊ အလားတူ ဒေသအသီးသီးတွင်လည်း လူမှုရေးအသင်းအဖွဲ့များနှင့် လူပဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ၎င်းတို့အစီအစဉ်ဖြင့် လိုက်လံကူညီလှူဒါန်းပေးနေခြင်းများရှိပြီး ၎င်းတို့လှူဒါန်းသည့် ပစ္စည်းအင်အား၊ ငွေအင်အားများမှာလည်း များပြားကြသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ကူညီ ဆောင်ရွက်ပေးနေမှုများအပေါ်လည်း အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ချိန်တွင်လည်း နိုင်ငံတော် အစိုးရနှင့်အတူ စေတနာရှင် အလှူရှင်များအနေဖြင့် ပါဝင်လှူဒါန်းခဲ့ကြကြောင်း၊ မိမိတို့ နိုင်ငံသားများအနေဖြင့် လူမှုရေးကိစ္စရပ်များတွင် စေတနာသဒ္ဓါ တရားထက်သန်စွာဖြင့် လှူဒါန်းလိုသည့် စိတ်ရင်းစေတနာများ၊ အခြေခံစိတ်ဓာတ်ကောင်းများကို ဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရခြင်းပင်ဖြစ်ကြောင်း။

 

ယခုဖြစ်စဉ်တွင် ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအနေဖြင့် ရုတ်တရတ် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ချိန်တွင် လက်လှမ်းမီသည့် ရရာပစ္စည်းများကိုသာယူ၍ ဘေးလွတ်ရာသို့ ရေဘေးရှောင်ခဲ့ရခြင်းဖြစ်သည့်အတွက် တစ်ဦးချင်းစီအလိုက်၊ မိသားစုချင်းစီအလိုက် ပျက်စီးဆုံးရှုံးမှု ပမာဏများ များပြားကြောင်း၊ ယခင်နှစ်ပေါင်း များစွာကတည်းက ရေကြီးရေလျှံမှု တစ်ကြိမ်မျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိသည့် ဒေသများ၌ မျှော်လင့်မထားသည့်ညအချိန်တွင် တောင်ကျရေများ ရုတ်တရတ် အရှိန်အဟုန်အလုံးအရင်းဖြင့် စီးဆင်းလာခြင်းကြောင့် အချို့မှာ ရှောင်တိမ်းချိန်မရဘဲ အသက်ဆုံးရှုံးခဲ့ရမှုများလည်းရှိကြောင်း၊ မိမိတို့နိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် ထိခိုက် ပျက်စီးခဲ့ရမှုများအနက် ပျက်စီးမှုအများဆုံးပင်ဖြစ်ကြောင်း၊ လူနေအိမ်များနှင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်း၊ တံတားများ၊ လျှပ်စစ်တာဝါတိုင်များလည်း ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ အလားတူ မွေးမြူရေးတိရိစ္ဆာန်များလည်း သေဆုံးခဲ့ရကြောင်း။

 

ရေဘေးသင့်ခဲ့ရသည့် ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အလှူရှင်များ အနေဖြင့်လည်း ယခုကဲ့သို့ တစ်ဖက်တစ်လမ်းမှ ပါဝင်လှူဒါန်းပေးခြင်းကြောင့် လုပ်ငန်းများ ပိုမိုမြန်ဆန်စွာဖြင့် ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ် ဘီလီယံ ၅၀ ကျော်ရှိပြီဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နှစ်စဉ်ဖြစ်ပေါ်လာခဲ့သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် အင်းလေးကန်၌ ရေကျဆင်းမှုမရှိသေးကြောင်း၊ အလားတူလောပိတနှင့် အထက်ပေါင်းလောင်းတို့တွင်လည်း ရေဝင်ရောက်မှု များပြားနေသောကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို လုပ်ဆောင်၍မရသေးကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ အချိန်ယူ၍ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိုးများသည်းထန်စွာ ရွာသွန်းခဲ့ချိန်တွင် ဆည်မြောင်းများအတွင်း ရေများဝင်ရောက်လျက် ရှိခြင်းကြောင့် စိုက်ပျိုးရေအတွက် လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့ရသည့် စိုက်ပျိုးရေး လုပ်ငန်းများအတွက်  လိုအပ်သည့် အရင်းအနှီးများကို နိုင်ငံတော်မှ ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ တက်ရောက်လာကြသည့် စေတနာရှင်အလှူရှင်များအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်မည် ဖြစ်သကဲ့သို့ ကုန်ထုတ်လုပ်မှုများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် စိတ်ပါဝင်စားပါက ဝိုင်းဝန်းဆောင်ရွက်ပေးကြစေ လိုကြောင်း။

 

mdn

 

ပြည်တွင်းကုန်ပစ္စည်း ထုတ်လုပ်မှုကောင်းမွန်မှသာ ပို့ကုန်များရရှိမည်ဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများကို အားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ၏ သယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲခြင်းမှာ ပြန်လည်ဖြည့်တင်းရန် ကန့်သတ်ချက်များရှိခြင်းကြောင့် အတတ်နိုင်ဆုံး ထုတ်ယူသုံးစွဲခြင်းကို မပြုလုပ်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ လူဦးရေ ထက်ဝက်ခန့်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ Non Trade နှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရငွေများရှိကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ နည်းပါးလျက်ရှိခြင်းကြောင့် ပြည်တွင်း၌ ကုန်ထုတ်လုပ်မှုများမြှင့်တင်နိုင်ရေး လုပ်ငန်းရှင်များ အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံပြီးဆောင်ရွက်ကြစေလိုကြောင်း။

 

ရေဘေးသင့်မှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ အခြားလိုအပ်သည့် ပရိဘောဂပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းများကိုလည်း အလှူရှင်များအနေဖြင့် လှူဒါန်းပေးနိုင်ကြောင်း၊ ရေဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပြင် ၎င်းတို့ကြုံတွေ့ခံစားခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုလည်း ပြန်လည်ကုစားပေးနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် အတတ်နိုင်ဆုံး ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေး တွက်ချက် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ရေဘေးသင့်ဒေသများအတွက် လှူဒါန်းမှုများသည် တန်ဖိုးမဖြတ်နိုင်သည့် လှူဒါန်းမှုများပင်ဖြစ်ကြောင်း။

 

မိမိတို့အနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးလုပ်ဆောင်ခြင်းမဟုတ်ဘဲ နိုင်ငံ့ အရေးအတွက် တိုင်းပြည်ကောင်းအောင် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံ့အရေးအတွက် အားတတ်သရော လာရောက်လှူဒါန်းပေးမှုများအတွက်လည်း စေတနာရှင်အလှူရှင်များကို နိုင်ငံတော်အနေဖြင့် အထူးပင်အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းကို ထပ်လောင်း ပြောကြားလိုကြောင်းဖြင့်ပြောကြားသည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတနာရှင်၊ အလှူရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

ယနေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့် ရေဘေးဒဏ် သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် အလှူငွေ စုစုပေါင်း (ငွေကျပ် ၁၁ ဒသမ ၉၇ ဘီလီယံ) ကျော်ကို လက်ခံရရှိခဲ့ကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်