ပြည် အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ပြည်ခရိုင်အတွင်း မြို့နယ်များ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်သည် အောက်တိုဘာ ၇ ရက်က ပြည်မြို့နယ် မှော်ဇာကျေးရွာနှင့် ရွာဘဲရပ်ကွက်တို့၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၏ သန်းခေါင်စာရင်းကောက်ယူနေမှုနှင့် ရွှေတောင်မြို့နယ်၊ မီးလောင်ကျေးရွာအုပ်စု၊ ဝါးလည်ကျေးရွာ၌ သန်းခေါင်စာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာ ၈ ရက်က ပန်းတောင်းမြို့၊ ဝန်လိုရပ်ကွက်၌ သန်းခေါင်စာရင်း ကောက်ယူနေမှုကို ကွင်းဆင်းကြည်ရှုအားပေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် ပြည်ခရိုင်အတွင်း မြို့နယ်များ၌ စာရင်းကောက်ကွက်များအလိုက် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် စားသောက်ရေးစနစ် အဆင်ပြေစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကိုဆက်(ပြန်/ဆက်)


