နေပြည်တော်၊ အောက်တိုဘာ ၁၀ 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM)၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Daihei Mochizuki ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် IOM တို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် ရွှေ့ပြောင်း သွားလာသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုမြှင့်တင် ဆောင်ရွက်ရေး၊ ရွှေ့ပြောင်းသွားလာသူများအတွက် တီဘီရောဂါ၊ ငှက်ဖျားရောဂါနှင့် ခုခံကျကာလသားရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ရေး၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုသည့် ဆေးနှင့် ဆေးပစ္စည်းများ မသက်ဆိုင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများထံ မရောက်ရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ရှိ IDP camp များတွင် ကျန်းမာရေး စောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ IOM ရုံးမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်