နေပြည်တော် အောက်တိုဘာ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကန်သာအေးကျေးရွာသို့ ရောက်ရှိပြီး မြစိမ်းရောင် နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသော အစုအဖွဲ့များနှင့် တွေ့ဆုံ၍ မျိုးစပ်မှု၊ အစာကျွေးမွေးမှု စနစ်တကျရှိရေး၊ ဈေးကွက်ရရှိရေး၊ ဆီထွက်သီးနှံနှင့် စက်မှုသီးနှံ ဝါစိုက်ပျိုးရေးတို့တွင် သမဝါယမစနစ်ဖြင့် လက်တွဲကူညီ ပံ့ပိုးဆောင်ရွက်ပေးရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ အစုအဖွဲ့များ၏ နွားမွေးမြူထားမှု အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မိတ္ထီလာမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ပေးခဲ့သော စက်ချုပ်နည်း ပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး ထူးချွန်သင်တန်းသား သင်တန်းသူများကို လုပ်ငန်းသုံးပစ္စည်းများ၊ ထူးချွန်ဂုဏ်ပြုဆုများ၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ သင်တန်းဆင်းများ၏ လက်ရာများကို ကြည့်ရှုအားပေးသည်။ 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နို့စားနွား မွေးမြူရေးစီမံကိန်းကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်တို့ရှိ ကျေးရွာ ၁၅ ရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေမှ ငွေကျပ်သန်း ၃၀၀၊ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်းရန်ပုံငွေမှ ငွေကျပ်သန်း ၁၅၀ နှင့် သက်မွေးအစုအဖွဲ့များမှ ထည့်ဝင်ငွေကျပ်သန်း ၁၅၀၊ စုစုပေါင်းငွေကျပ်သန်း ၆၀၀ ဖြင့် စပ်မျိုးနွား (၂၃၆) ကောင်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ မှစတင်၍ မွေးမြူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနောက် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်းကိုလည်းကောင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက် လျက်ရှိသော ပျော်ကုန်း-အုတ်ဖို ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ စက်ပစ်တောင် နို့စားနွား မွေးမြူရေး သမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်