နေပြည်တော်၊ အောက်တိုဘာ ၁၀
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီခွဲတွင် တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်၊ ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံတွင် ဝေယံထက် (ခ) နောင်ပြဲ မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၅၀၀ ကိုသိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ်၊ တံတိုင်းရှည်ကျေးရွာအုပ်စု၊ မြောက်တံတိုင်းရှည်ကျေးရွာနေ သူရမင်း (ခ) မင်းမင်း၏ နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၉၅,၉၅၀ ကိုလည်းကောင်း၊ အလားတူ ညနေ ၅ နာရီတွင် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ မေတ္တာလမ်းနေ မကြူကြူလှို င်(ခ)ဖားကြီး ၏ နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၃၀၀၊ အိုက်စ် သုည ဒသမ ၀၂ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာအနီးတွင် အိုက်အော့ (ခ )စိုင်းအွတ် မောင်းနှင်လာသည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ အနီးတွင် ကျဒိန်အား စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်