နေပြည်တော် အောက်တိုဘာ ၁၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) ရှိ နဝင်းချောင်းတံတား (အဆုံ) အား မူလ ၂ လမ်းသွားမှ ၄ လမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ထို့နောက် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့သော တံတားထိပ်ခုံနှင့် ချဉ်းကပ်လမ်းနေရာ ပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ ကုန်တင်ယာဉ်များ စနစ်တကျ ဖြတ်သန်းသွားလာရန် ခွင့်ပြုထားမှုနှင့် အခိုင်အမာ ပြင်ဆင်တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲရေး စနစ်တကျတွက်ချက် ဆောင်ရွက်သွားရန်၊ ယခင် မူလအခြေအနေထက် ပိုမိုကောင်းမွန်စေရန်နှင့် ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်ကြီးများ အန္တရာယ်ကင်းစွာ မောင်းနှင်အသုံးပြုနိုင်ရေး ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ကင်းသာလမ်းဆုံသို့ ရောက်ရှိပြီး ရေတိုက်စား၍ ပျက်စီးခဲ့သည့် နေရာများတွင် အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းပြီး မြေဖို့ခင်းကြိတ် ဆောင်ရွက်နေမှု၊ လမ်းနယ်နေရာ၌ မြေထိန်းနံရံအနိမ့် (Toe Wall) များ အသစ်ဆောင်ရွက်နေမှု၊ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ထားမှုနှင့် လမ်းပုခုံးအမာခံရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဆင်သေချောင်းတံတား (ပုပ္ပါးကုန်း)သို့ ရောက်ရှိပြီး ပြင်ဆင်ပေးထားသည့် တံတားထိပ်ခုံနှင့် ချဉ်းကပ်လမ်း ကြံ့ခိုင်မှုအခြေအနေ၊ တံတားအောက်၌ ဆင်သေချောင်းရေ ဖြတ်သန်းစီးဆင်းမှုကြောင့် တံတားပျက်စီးမှု မဖြစ်ပေါ်စေရေး ကြိုတင်စီမံ ဆောင်ရွက်ထားမှုနှင့် တံတားထိပ်ခုံအောက်ခြေအား ရေထပ်မံတိုက်စားခြင်း မရှိစေရေး ကြိုတင်စီမံဆောင်ရွက်ရမည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်ကို ဆက်သွယ်ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ ဆင်သေချောင်းတံတား (သိုက်ချောင်း)သို့ ရောက်ရှိပြီး တံတားရေလယ်တိုင် နိမ့်ကျသွားသည့် အပိုင်းအား အဆင့်ဆင့်ပြုပြင်ဆောင်ရွက်နေမှု၊ တံတားထိပ်ခုံနှင့် ချဉ်းကပ်လမ်းအား အခိုင်အမာ တည်ဆောက်နေမှု အခြေအနေတို့ကို စစ်ဆေးမေးမြန်းကာ လွန်းထိုးခြင်း (Launching) နည်းစနစ်ဖြင့် ရေလယ်တိုင်နိမ့်ကျသည့် အပိုင်းအား ပြန်လည်ပြုပြင်နေမှု၊ အခိုင်အမာ ချဉ်းကပ်လမ်း တည်ဆောက်ပြီးစီးပါက ယာယီဘေလီတံတားများအား ဖြုတ်သိမ်းမည့် အခြေအနေတို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး(လမ်းဟောင်း) သိုက်ချောင်း- အေလာ လမ်းအပိုင်း၌ လမ်းမျက်နှာပြင် မညီညာခြင်း၊ လှိုင်းထနေခြင်းများအား အပိုင်းလိုက် စနစ်တကျ ပြင်ဆင်ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


