နေပြည်တော်၊ အောက်တိုဘာ ၁၀
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၌ Hybird စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးမောင်မောင်တင့်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီရုံးတို့မှ ဝန်ထမ်းများတက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ် တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်၊ ကျောသားရင်သား မခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန်လိုကြောင်း၊ အဂတိကင်းရှင်းသော နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်တစ်ခု ကို အကောင်အထည်ဖော် တည်ဆောက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်က အဂတိ လိုက်စားမှုများကို မဖြစ်မီ ကြိုတင်ကာကွယ်တားဆီးရန်အတွက် အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ ဆိုးကျိုးများ၊ တားဆီးကာကွယ်ရေး ကဏ္ဍများကို ရှင်းလင်းဆွေးနွေးကြကာ ဆွေးနွေးပွဲတက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


