ပြည်သူများ စာပေဖတ်ရှုမှုအဆင်ပြေစေရေး စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

 

ရန်ကုန်၊ အောက်တိုဘာ ၁၀

 

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ The Global New Light of Myanmar သတင်း စာတိုက်  အစည်းအဝေးခန်း၌  စာတည်းမှူးချုပ်များ၊ စာတည်းအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

ဦးစွာ The Global New Light of Myanmar သတင်းစာတိုက် အထွေထွေမန်နေဂျာက လုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သတင်းစာများအနေဖြင့်  လက်ရှိအစိုးရ၏ ရပ်တည်ချက်များ၊  မူဝါဒများနှင့်အညီ လုပ်ငန်းများကို ယခုကဲ့သို့ အမှားအယွင်း နည်းပါးစွာဖြင့် ဆက်လက် ဆောင်ရွက်သွားကြရန်၊ သတင်းစာများ၏ အသွင်သဏ္ဌာန်၊ အနှစ်သာရများကို အစဉ်အမြဲ တိုးတက်ပြောင်းလဲအောင် ဆောင်ရွက်ခြင်းဖြင့် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရန်၊ နိုင်ငံတော်နှင့် ပြည်သူများ၏ အားထားရာ သတင်းစာများဖြစ်စေရန်၊ သတင်းများ စုစည်းရွေးချယ်ရာတွင် နိုင်ငံရေးအမြင်ရှိရန်၊ သတင်းစာလုပ်ငန်း၏ သဘောသဘာဝအရ လုပ်ငန်းများကို အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် The Global New Light of Myanmar သတင်းစာတိုက် စာတည်းမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍  ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အတူ ရန်ကင်းမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ မြို့မစာကြည့်တိုက်နှင့် အမှတ် (၅) ရပ်ကွက်ရှိ  ရန်ကင်းဂုဏ်ရည်  စာကြည့်တိုက်တို့သို့ ရောက်ရှိပြီး စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်သူများ စာပေဖတ်ရှုမှု အဆင်ပြေစေရေးအတွက် စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးရန်၊ သတင်းအချက်အလက်များ မှန်ကန်စွာ သိရှိစေရန်အတွက် သတင်းစာ၊ ဂျာနယ်များထားရှိပေးရေးနှင့် လူငယ်များ စာကြည့်တိုက် သို့ ဝင်ထွက်သွားလာ၍ စာအုပ်၊ စာစောင်များ လေ့လာဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ စာအုပ် စာစောင်များကို လေ့လာဖတ်ရှုရုံသာမက  မိမိတို့ရရှိလာသည့် အသိပညာ၊ ဗဟုသုတများကို ပြန်လည်ဆွေးနွေးခြင်း၊  မျှဝေခြင်းတို့ကိုလည်း  အလေးထားဆောင်ရွက်ပေးရန်နှင့် စာကြည့်တိုက်ကို ယခုထက်ပိုမိုတိုးတက် ကောင်းမွန်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှတ် (၄) ရပ်ကွက်ရှိ မြို့မစာကြည့်တိုက်နှင့် အမှတ် (၅) ရပ်ကွက်ရှိ ရန်ကင်းဂုဏ်ရည်စာကြည့်တိုက်တို့အတွက် ထောက်ပံ့ငွေ၊ စာကြည့်တိုက်သုံး ပစ္စည်းများနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်သို့ ရောက်ရှိ ပြီး စာပေဗိမာန်စာကြည့်တိုက်နှင့်  စာအုပ်အရောင်းဆိုင်တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ  အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ “စာပေမြင့်မှ လူမျိုးမြင့်မည်” ၊ “အမှောင်ခွင်း၍ အလင်းဆောင်အံ့”ဆိုသည့် စာပေဗိမာန်၏ ဆောင်ပုဒ်နှင့်အညီ စာဖတ်ရှိန်မြှင့်တင်ရေးကို  အလေးထားဆောင်ရွက်ကြရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့သည်။  

 

သတင်းစဉ်