နေပြည်တော် အောက်တိုဘာ ၁၄

စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ထိခိုက်မှုမရှိခဲ့သည့် ဧရိယာများမှ စပါး၊ ဆီထွက်၊ ပဲ၊ ဝါ သီးနှံများ အထွက်နှုန်းတိုးတက်စေရေးအတွက် တောင်သူများနှင့် နည်းပညာ နှီးနှောဖလှယ်ပွဲကို ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

နည်းပညာနှီးနှောဖလှယ်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ သုတေသီများနှင့် မျိုး၊ မြေ၊ ရေ၊ နည်းပညာရှင်များ၊ တိုင်းဒေသကြီး/ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျုံပျော်၊ ဓနုဖြူ၊ ကျောင်းကုန်း၊ ရေကြည်၊ ပန်းတနော်မြို့နယ်များမှ ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ကြသည်။

နှီးနှောဖလှယ်ပွဲတွင် ဒုတိယဝန်ကြီးက တောင်သူကြီးများအနေဖြင့် မိမိတို့ပိုင်ဆိုင်သော လယ်ယာမြေစီမံခန့်ခွဲရာတွင် အထူးသဖြင့် အထွက်နှုန်း ပိုပိုရရှိရန် ရေသည် အရေးကြီးသကဲ့သို့ မြေဆီလွှာ ကျန်းမာရေးကောင်းမွန်စေရန် သဘာဝမြေဩဇာများ ပြုလုပ်ထည့်သွင်း အသုံးပြုပေးခြင်း၊ နွားချေးများထည့်ပေးခြင်း၊ သစ်စိမ်းမြေဩဇာ စိုက်ပေးခြင်း စသည်ဖြင့် ပြန်လည်ထိန်းသိမ်းခြင်း များသည်လည်း အရေးကြီးပါကြောင်း၊ ထို့အတူ မိတ်ဆွေပိုးများကို ဆွဲဆောင်နိုင်သည့် နေကြာကဲ့သို့ သီးနှံများစိုက်ပျိုးခြင်းဖြင့် ဂေဟစနစ်ကိုလည်း ပြန်လည်ထိန်းညှိပေးနိုင်မည် ဖြစ်ပါကြောင်း၊ တောင်သူကြီးများ အနေဖြင့် ရာသီဥတုသည် သဘာဝ၊ အခက်အခဲသည် သာမည၊ နည်းပညာသည် အဓိကဆိုသည့်အတိုင်း နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အကြားအလပ်မရှိ အားလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ သီးနှံမျိုးပညာရှင်များ၊ မြေဆီလွှာ ပညာရှင်များ၊ သီးနှံကာကွယ်ရေး ပညာရှင်များက စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ စသည့် သီးနှံမျိုးများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြေဆီလွှာယိုယွင်းမှုအပေါ် ကာကွယ်ထိမ်းသိမ်းနည်းများ၊ ဂေဟစနစ် ပြန်လည်ကောင်းမွန်လာစေရေးအတွက် ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်းများ၊ ပေါင်းမြက် ကာကွယ်နည်းများကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တောင်သူများနှင့်အုပ်စုဖွဲ့ကာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆွေးနွေးကြပြီး အုပ်စုအလိုက်ဆွေးနွေးရရှိချက်များကို ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် ဂုန်မင်းကျေးရွာ အုပ်စုရှိ ရေကြီးနစ်မြုပ် ပြန်လည်စိုက်ပျိုးသည့် စပါးစိုက်ခင်းအား သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ကြဲပက်ထားရှိမှု အခြေအနေများကိုမေးမြန်းပြီး သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ၊ ပေါင်းနှိမ်နင်းခြင်း၊ ရောဂါကျရောက်မှု အခြေအနေများအပေါ် ဆောင်ရွက်သင့်သည်များ ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့် မြို့နယ် ကွင်းယားအရှေ့ကျေးရွာအုပ်စု မိုးစပါး ဧက (၁၀၀) အထွက်တင်း (၁၀၀) အထက်ထွက်ရှိရေး မျိုးစေ့ထုတ်စံပြကွက်ကို ကြည့်ရှုစစ်ဆေးအားပေးပြီး ကွင်းယားကြီးခန်းမ၌ ဒေသခံတောင်သူများ ပညာရှင်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပဲမျိုးစုံသီးနှံ၊ ဆီထွက်သီးနှံ၊ သီးနှံကာကွယ်ရေး၊ မြေဆီလွှာ ထိန်းသိမ်းရေးဆိုင်ရာများနှင့် လာမည့်နှစ်တွင် စပါးနှင့် နေကြာ၊ ပဲပုပ်သီးနှံများ ထည့်သွင်းစိုက်ပျိုးသွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်