သီတင်းကျွတ်ရာသီကာလ၌ အနောက်တောင်မုတ်သုံလေသည် မြန်မာပြည်မှ ဆုတ်ခွာသွားပြီဖြစ်၍ ဥတုရာသီ ပုံမှန်ဖြစ်စဉ်အရ မိုးလေကင်းစင်ကာလဟုဆိုသည်။ ဥတုသပ္ပာယ မျှတကောင်းမွန်ပြီး သာယာလှပသော လောကဓာတ်ကို ဆောင်သည်ဟုလည်းဆိုကြသည်။ သို့သော် မျက်မှောက်ကာလဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲမှုကြောင့် ဥတုရာသီဖောက်ပြန်ပြောင်းလဲမှုနှင့် ဆက်လက်ကြုံတွေ့နေရပြန်ရာ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်တို့ကို ကြိုတင်သတိပြုကြရမည်ဖြစ်သည်။

 

ပြီးခဲ့သည့် စက်တင်ဘာလက တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ အဆိုပါသဘာဝဘေးဒဏ်ကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ များစွာပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ရာ နိုင်ငံတော်နှင့် စေတနာရှင်ပြည်သူများက ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးတို့ကို ဆောင်ရွက်ပေးနေဆဲ ဖြစ်သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံနှင့် ဆက်စပ်နေသော ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်၌ လေဖိအားနည်းရပ်ဝန်းများ၊ မုန်တိုင်းငယ်များ ဆက်လက်ဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ခြင်းမရှိ၍ စိတ်သက်သာရာရခဲ့သည်။

 

အောက်တိုဘာလ ၁၇ ရက်နေ့တိုင်းထွာချက်များအရ ထိုင်းပင်လယ်ကွေ့မှ ရွေ့လျားလာနိုင်သော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်း ဆဲလ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်း အရှိန်တို့ကြောင့် လည်းကောင်း၊ မိုးရာသီကုန်ဆုံးသည်နှင့် နေ့အချိန်တွင် အပူရှိန်ပြန်လည်မြင့်တက်လာသဖြင့် အပူပြန်တိမ်တိုက်များ  ဖြစ်ထွန်းအားကောင်းလာခြင်းကြောင့်လည်းကောင်း အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု မိုးလေဝသက ကြိုတင်အသိပေးထားသည်။

 

ထို့အပြင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၌ အောက်တိုဘာလ ၂၀ ရက်နေ့တွင် လေဖိအားနည်း ဆဲလ်တစ်ခုဖြစ်ပေါ်နိုင်ပြီး အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား၍ ပိုမိုအားကောင်းလာနိုင်ကာ အောက်တိုဘာလ ၂၂ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့််မှန်းခဲ့သည်။ ဖြစ်ပေါ်ခဲ့သောလေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိခဲ့ပြီး အဆိုပါဆဲလ်သည် ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့၌ အောက်တိုဘာလ ၂၁ ရက်နေ့ (ယနေ့) တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းချက်ကို အသိပေးထားသည်။

 

မြန်မာနိုင်ငံ  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့်နှစ် အင်အားအလွန် ပြင်းထန်သည့် မိုခါမုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ်သာမက တစ်နှစ်ပတ်လုံးဖြစ်ပေါ်လာခဲ့သော ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် အခြေအနေများကို စဉ်ဆက်မပြတ် ကြိုတင်အသိပေး ထုတ်ပြန်ပေးခဲ့သည်။ မိုးလေဝသဖြစ်စဉ်များကို အနီးစပ်ဆုံးကြိုတင်အသိပေး ထုတ်ပြန်နိုင်သောကြောင့် ကြုံတွေ့နိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရှောင်ရှားနိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးမှုများအား အနည်းဆုံးအခြေအနေသို့ လျှော့ချနိုင်ခဲ့သည်ကို မိုခါမုန်တိုင်းကာလက သက်သေပြခဲ့ပြီးဖြစ်သည်။ ယခုကာလဖြစ်ပေါ်ခဲ့သည့် အခြေအနေများတွင် ရုတ်တရက်ဖြစ်ပေါ်လာသော ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ကို မရှောင်လွှဲနိုင်သဖြင့် ထိခိုက်ပျက်စီးသေဆုံးမှုများ များပြားခဲ့သည်။

 

ယခုအခါ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်ကြောင့် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ဖြစ်ပေါ်နိုင်သည့်ဒေသများကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြိုတင်အသိပေးထုတ်ပြန်ထားသည်။ ထို့ကြောင့် ပြီးခဲ့သည့်သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များကို သင်ခန်းစာယူပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် သဘာဝဘေးကျရောက်နိုင်သည့်ဒေသများမှ ပြည်သူများက ဆောင်ရွက်ဖွယ်ရာများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ယခုဖြစ်ပေါ်နေသော မိုးလေဝသဖြစ်စဉ်ကို ကြိုတင်သတိပြုနိုင်အောင် အသိပေးထားပြီးဖြစ်၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မုန်တိုင်းတိုက်ခတ်ခြင်းတို့ ကြုံတွေ့နိုင်သော ဒေသများမှ ပြည်သူများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ မဖြစ်မီက ကြိုတင်ပြင်ဆင် ဆောင်ရွက်ဖွယ်ရာများကို ပြုလုပ်ထားနိုင်ပါရန် တိုက်တွန်းအပ်ပါကြောင်း။

 

ကြေးမုံ