ဂျေရုဆလင် အောက်တိုဘာ ၂၀

 

ဂါဇာကမ်းမြောင် မြောက်ပိုင်းရှိ  ဘိတ်လေဟီယာမြို့ကို အစ္စရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၁၉ ရက်တွင်  လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ၇၃ ဦး အနည်းဆုံး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါလေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသူများတွင် ကလေးငယ်များနှင့် အမျိုးသမီးများ အများအပြားပါဝင်ကြောင်း သိရသည်။ အပျက်အစီးများကြားမှ အသက်ရှင် ကျန်ရစ်သူများကို ရှာဖွေရန် ဓာတ်မီးများအသုံးပြုကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။ ကယ်ဆယ်ရေး လုပ်သားများသည် ထိခိုက်ဒဏ်ရာရသူများကို ထမ်းစင်ပေါ်တွင် တင်ဆောင်ကာ အပျက်အစီးများကြား ခက်ခဲစွာ ဖြတ်သန်းသွားလာနေသည်ကို မှတ်တမ်းတင် ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်သည်။

 

အလားတူ အစ္စရေးတပ်မတော်သည် ဂျာဘာလီယာမြို့တွင်လည်း ၎င်းတို့၏စစ်ဆင်ရေးများကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်အများအပြား ပျက်စီးခဲ့ရပြီး သေဆုံးသူ ၃၀ ကျော်ရှိကြောင်း ဒေသတွင်းမီဒီယာများ က အောက်တိုဘာ ၁၉ ရက်တွင် သတင်းဖော်ပြသည်။

 

ဟားမတ်စ် ခေါင်းဆောင် ယာရာ့ဆင်းဝါ သေဆုံးကြောင်း အောက်တိုဘာ ၁၇ ရက်တွင် ကြေညာပြီးနောက် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာဒေသ၌ ထိုးစစ်ဆင်မှုများကို အရှိန်မြှင့်လုပ်ဆောင် လျက်ရှိသည်။

 

ဟားမတ်စ်နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်ကို အောက်တိုဘာ ၂၂ ရက်တွင် အစ္စရေးနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း မီဒီယာအများအပြားက သတင်းဖော်ပြသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်