(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသားအားလုံးတို့၏ ရိုးရာအနုပညာ အမွေအနှစ်တန်ဖိုးများကို ဤပြိုင်ပွဲကြီး၌ ထုတ်ဖော်ပြသနိုင်ခဲ့ကြသည့်အပြင် သွေးစည်းညီညွတ်မှုကိုပါ အနုပညာဖြင့် သက်သေပြုတင်ဆက်ကြရာ ငွေရတုမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ကြသည်ဟုလည်း ဆိုရမည်ဖြစ်သည်။
ပြိုင်ပွဲကြီး၏ ဦးတည်ချက်များဖြစ်သည့် အမျိုးဂုဏ်၊ ဇာတိ ဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက် စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ် ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ဟူသည့်အချက်များမှာလည်း ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပညာရှင်များ၊ ဝါသနာရှင်များ၊ လူငယ်မျိုးဆက်သစ်များနှင့်အတူ အနာဂတ်သို့ ဆက်လက်သယ်ဆောင် ထမ်းရွက်သွားကြမည်မှာ ဧကန်ဖြစ်သည်ဟု ယုံကြည်သည်။
ယခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားခဲ့ရာတွင် “အနုပညာရှင်များအားလုံးကို မေတ္တာရပ်ခံမှာကြားလိုသည် မှာ နှစ်ပေါင်းထောင်ချီ ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေးစရိုက်လက္ခဏာများ တင့်တင့်တယ်တယ် ဆက်လက်ရှင်သန် ဖြစ်ထွန်းနေစေရေး အနုပညာစွမ်းပကားနှင့် စွမ်းဆောင်ပေးကြရန်၊ မြန်မာလူမျိုးတို့၏ သမိုင်းကြောင်း ခိုင်မာ နက်ရှိုင်းမှုနှင့် ယဉ်ကျေးမှုအဆင့် အတန်း ဝင့်ထည်မြင့်မားမှုတို့ကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေအောင် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန်၊ မျိုးဆက်သစ်လူငယ်များကို အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအား ပြည့်ဝခိုင်မာအောင် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန်” တိုက်တွန်းပြောကြားခဲ့ရာ မျက်မှောက်ကာလတွင် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးတို့၏ အကျိုး စီးပွားအတွက် လိုအပ်ချက်များဖြစ်သည်နှင့်အညီ အမျိုးသားရေး တာဝန်များအဖြစ် ခံယူ၍ အနုပညာစွမ်းပကားဖြင့် ထမ်းဆောင်သွားကြရမည်ဖြစ်သည်။
အဆို၊ အက၊ အရေး၊ အတီး အနုသုခုမပညာရပ်များအပါအဝင် ရိုးရာယဉ်ကျေးမှု အနုပညာများအားလုံး ရှင်သန်ထွန်းကားနိုင်ရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေစေရန်အတွက် အဓိကလိုအပ် ချက်များမှာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းနေစေရန်နှင့် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်နေစေရန်ပင်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု အပြည့်အဝရရှိရေး၊ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မား တိုးတက်ရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်များချမှတ်ကာ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလုပ်ငန်းစဉ်များသည် မိမိတို့နိုင်ငံတွင် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက်လည်း မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များပင်ဖြစ်ရာ ပြည်သူအတွင်းမှ ပြည်သူများပင်ဖြစ်သော အနုပညာရှင်များ၏ အနုပညာစွမ်းအားများကလည်း တစ်တပ်တစ်အားပင်ဖြစ်သည်။
အဆို၊ အက၊ အရေး၊ အတီး အနုပညာရပ်များသည် ရှုစားနားဆင်ရသူတို့၏ စိတ်နှလုံးကို သိမ်မွေ့စွာ ဆွဲဆောင်နိုင်စွမ်းရှိသော နူးညံ့သည့်စွမ်းအား (Soft Power) များပင်ဖြစ်ရာ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းနှင့်အတူ နိုင်ငံတည်ဆောက်ရေးတွင်လည်း အနုပညာရှင်များအားလုံးက အနုပညာကဏ္ဍမှ အစွမ်းကုန် ပါဝင်ကြရပါမည့်အကြောင်း။
မြန်မာ့အလင်း