နေပြည်တော်၊ အောက်တိုဘာ ၂၁

 

မြန်မာ-ရုရှားခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiarization Trip- FAM Trip)တွင် လိုက်ပါလာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းဆောင်ရွက် နေသူများနှင့် ခရီးသွားအေဂျင်စီများမှ ကိုယ်စားလှယ်များ အမှတ်တရ သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တက်ရောက်ကြည့်ရှုအားပေးသည်။

 အဆိုပါ စိုက်ပျိုးပွဲသို့ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ ပါဝင်တက်ရောက် ကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ-ရုရှား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်များအား ဝန်ကြီးဌာန၏ နီလာအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၌ မကြာမီကာလတွင် ခရီးသွားရာသီရောက်ရှိ လာတော့မည် ဖြစ်၍ ရုရှားခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်းကို ရုရှားနိုင်ငံရှိ လူမှုကွန်ယက် စာမျက်နှာ များတွင်သာမက လူသိများသော သတင်းမီဒီယာများမှ တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင် ဖော်ပြပေးစေလိုပါကြောင်း၊ နှစ်နိုင်ငံအကြား အားကစားနှင့် စွန့်စားခရီးသွားလုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုများတွင် ကျွမ်းကျင်ပညာရှင်များနှင့် သတင်းအချက်အလက်များ ဖလှယ်လိုပါကြောင်း၊ ခရီးစဉ် ဒေသများသို့ သွားရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့ပါစေကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးအသင်းမှ တာဝန်ရှိသူနှင့် Space Travel Agency မှ တာဝန်ရှိသူများက နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊  ရုရှားနိုင်ငံ၏ ဆောင်းရာသီကာလတွင် ရုရှားအားကစားသမားများ မြန်မာနိုင်ငံ၌ ရက်ရှည်လာရောက်တည်းခို နေထိုင်၍ လေ့ကျင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များ၊  ရုရှားခရီးသွား ဧည့်သည်များ ငွေပေးချေမှုနှင့်စပ်လျဉ်း၍ ပိုမိုလွယ်ကူ အဆင်ပြေချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးနှင့် အသက်အာမခံ ထားရှိရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြပြီး မြန်မာနိုင်ငံသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်စေရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ ဒုတိယ ဝန်ကြီးက  လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)