နေပြည်တော် အောက်တိုဘာ ၂၁

 

လာအို-မြန်မာ နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ယနေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Crowne Plaza ဟိုတယ်၌ ကျင်းပသည်။

 

အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ဝန်ကြီး H.E. Mdm. Baykham KHATTIYA နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံတစ်နိုင်ငံ၏ လုပ်အား သယံဇာတဖြစ်ပြီး မူရင်းနိုင်ငံနှင့် လက်ခံသည့်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပါဝင်ဆောင်ရွက် နေကြသူများဖြစ်ကြောင်း၊ အလုပ်သမားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် နေရာချထားရေး၊ လူမှု ဖူလုံရေး၊ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး နယ်ပယ်များတွင် အထူးသဖြင့် အလုပ်သမားရေးရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများ ဖြစ်ပေါ်စေမည့် အခြေခံကျသော အလုပ်သမားရေးရာ အခြေခံမူများနှင့် အလေ့အထများ ချမှတ်သွားရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် “မြန်မာ့အလုပ်သမားရေးရာနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ မျှဝေခြင်း” ကဏ္ဍတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ပြုလုပ်ရာတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအလေးထား ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများသည် နိုင်ငံတော်၏ အဓိကစီးပွားရေးကဏ္ဍများဖြစ်ပြီး ယင်းကဏ္ဍများကို မြှင့်တင်၍ နိုင်ငံ့စီးပွားရေးမြင့်မားရန် နိုင်ငံတော်၏ ဦးတည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များတွင် ထည့်သွင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ ပြည်ပနိုင်ငံများသို့ အလုပ်သမားများ သွားရောက် အလုပ်လုပ် ကိုင်ရာတွင် စနစ်တကျရှိစေရေး၊ ဥပဒေနှင့်အညီ ဖြစ်စေရေးတို့အတွက် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ‌ခေတ်စနစ် နှင့်အညီ ပြင်ဆင်သည့် ဥပဒေ အတည်ပြု ပြဋ္ဌာန်းရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတကာ လုပ်သားများ ရွှေ့ပြောင်းခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ၅ နှစ်တာ လုပ်ငန်းစီမံချက်ကို ပထမအကြိမ် နှင့် ဒုတိယအကြိမ် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ ပြည်ပရှိ မြန်မာအလုပ်သမား များကို ကူညီဆောင်ရွက်ပေးရန် အလုပ်သမား သံအရာရှိများကို ကိုရီးယား၊ ထိုင်း၊ မလေးရှားနှင့် ဂျပန်နိုင်ငံတို့တွင် ခန့်အပ်တာဝန်ပေးထားပြီး သံအရာရှိမရှိသည့် နိုင်ငံများတွင် မြန်မာသံရုံးများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

 

ယင်းနောက် အနာဂတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် အမြင်ချင်း ဖလှယ်ဆွေးနွေးခြင်း  ကဏ္ဍတွင်  နှစ်နိုင်ငံ ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဆက်လက်၍ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလုပ်သမားဝန်ကြီးဌာနတို့အကြား နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)