နေပြည်တော် အောက်တိုဘာ ၂၂
လွိုင်လင်မြို့နယ်၊ တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၈ ရက် ည ၈ နာရီ မိနစ် ၄၀ တွင် လွိုင်လင်မြို့နယ် ပင်လုံမြို့ ပန်မုန့်ကျေးရွာအုပ်စု ပေါင်းလိုင်းကျေးရွာအနီးတွင် နော်ထွန်း မောင်းနှင်လာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water သုည ဒသမ ၀၀၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၈ နာရီ ၄၅ မိနစ်တွင် အဆိုပါနေရာ၌ စိုင်းပီး မောင်းနှင်လာသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water သုည ဒသမ ၆ ကီလိုနှင့် ကက်တမင်း သုည ဒသမ ၁ ကီလိုကိုလည်းကောင်း၊ အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီတွင် စိတ်ပြောင်းဆေးဝါးများ လက်ခံမည့်သူများဖြစ်သည့် ထက်အောင်ဦးနှင့် မောင်မောင်ထွန်း (ခ) အားမီ (ခ) အားချိန် တို့အား တောင်ကြီးမြို့ သစ်တောရပ်ကွက်တွင် HONDA FIT အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ နယ်မြေ(၉)ရှိ ထက်အောင်ဦး၏ နေအိမ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၆၈ ကီလိုအားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အလားတူ အောက်တိုဘာ ၁၈ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ တွင် ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စု ဟိုနန့်ကျေးရွာအနီးတွင် TOYOTA SUCCEED အမျိုးအစား ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် ဇော်မိုးလွင် (ခ) ဇော်လင်း ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀,၀၀၀၊ အိုက်စ်(မက်သ်အဖက်တမင်း) သုည ဒသမ ၄ ကီလိုကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်