နေပြည်တော်     အောက်တိုဘာ     ၂၂

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူမျိုး ပေါင်းစုံ/ ဘာသာပေါင်းစုံ ကိုယ်စား လှယ်များအား ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံသားဆိုင်ရာ မည်သည့်ကတ်ပြားမျှ ရရှိကိုင်ဆောင် ထားခြင်းမရှိသူများအနေဖြင့် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား(NV Card)ကို ကိုင်ဆောင် ကြရန်နှင့် နိုင်ငံသားဖြစ်မှုအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်လျှောက်ထားကြရန် လိုအပ်ပါ ကြောင်း၊ ယခုအခါ နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ပါကြောင်း။

 

ယင်းလုပ်ငန်းများသည် အထွေထွေရွေးကောက်ပွဲကျင်းပရာ၌ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စွာ ပြုစုနိုင်ရေးတို့အတွက် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယခု အခါ e-ID စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လူတစ်ဦးချင်းစီ၏ Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယခု တက်ရောက်လာကြသူများအနေဖြင့် မိမိသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်နှင့် အဖွဲ့အစည်းများ တွင်လည်းကောင်း သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေသူများ၊ Unique ID နံပါတ်ရရှိခြင်း မရှိသေးသူများအား မိမိတို့ဌာနဝန်ထမ်းများနှင့် ဆက်သွယ်‌ဆောင်ရွက်နိုင်ရေး အသိပေးတိုက်တွန်း နှိုးဆော်ပေးစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် လူမျိုးပေါင်းစုံ/ ဘာသာပေါင်းစုံ ကိုယ်စားလှယ်များက သက်ဆိုင်ရာ အဖွဲ့ မိသားစုဝင်များအတွက် နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်ကတ်ပြားရရှိရေးအတွက် တင်ပြလျှောက်ထား မှုများ၊ ကိုယ်ရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ တင်ပြရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ဖြေလျော့ပေးနိုင်ရေး၊ ယာယီနေရပ်စွန့်ခွာနေကြသည့် ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားများ စိစစ်ထုတ်ပေးဆောင်ရွက်နိုင်ရေး၊ သန်းခေါင် စာရင်းကောက်ယူရေးနှင့် Unique ID နံပါတ်ရရှိရန် အသိပေးဆောင်ရွက်သွားရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

 

ဆွေးနွေးတင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍအလိုက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြ ဆောင်ရွက်နိုင်ရေးနှင့် ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေကို ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများအဆင်ပြေမြန်ဆန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)