နေပြည်တော် အောက်တိုဘာ ၂၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University မှ Mr. Vorozhtsov Alexander Borisovich ဦးဆောင်သော အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ ပညာရေးဝန်ကြီးဌာနတို့အကြား ဘွဲ့ဒီဂရီများ အပြန်အလှန် အသိအမှတ်ပြုရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ မြန်မာနိုင်ငံ တက္ကသိုလ်များနှင့် Tomsk State University တို့ အကြား နားလည်မှုစာချွန်လွှာများ ရေးထိုး၍ ပိုမိုပူးပေါင်းဆောင်ရွက် နိုင်ရေး၊ မြန်မာကျောင်းသား ကျောင်းသူများ ရုရှားနိုင်ငံသို့ ပညာတော်သင် ပိုမို စေလွှတ်နိုင်ရေးနှင့် သုတေသန ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ Naypyitaw State Academy ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


