နေပြည်တော်   အောက်တိုဘာ   ၂၂

 

နိုင်ငံတော်ဖွဲ့စည်းပ ုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းနှင့် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အဖွဲ့ဝင် ဦးအောင်မြင့်လွင်နှင့် တာဝန်ရှိသူများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက အဂတိလိုက်စားမှုသည် ဖွံ့ဖြိုး တိုးတက်မှုများကို အကောင်အထည်ဖော်ရာ၌ အဟန့်အတားပြုနိုင်သည့် ရောဂါဆိုးတစ်ခုဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အဓိကအနှစ်သာရမှာ အများပြည်သူ၏အကျိုးစီးပွားကို ကာကွယ် ပေးရန်နှင့် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်း ပေါ်ပေါက်စေရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အဖွဲ့အစည်းများ၌ အဂတိလိုက်စားမှုူတားဆီးကာကွယ်ရေးအဖွဲ့ CPU (Corruption Prevention Unit) များဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်စေရန် ဆောင်ရွက်လျက်ရှိ ကြောင်း၊ အဂတိလိုက်စားမှုကင်းစင်သည့် နိုင်ငံတော်ကြီးဖြစ်စေရန် အဂတိလိုက်စားမှုကို အတူတကွ ပူးပေါင်း ပါဝင်တိုက်ဖျက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်က အဂတိလိုက်စားမှုများ ဖြစ်ပေါ်ခြင်းကြောင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်နစ်နာစေမှု၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်းဆိုသည့် နည်းလမ်း သုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများ၊ အဂတိလိုက် စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ တားဆီးကာကွယ်ရေးကဏ္ဍများကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ကြပြီး တက်ရောက်လာကြသော ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

 

ဆွေးနွေးပွဲအပြီးတွင် ကော်မရှင်အဖွဲ့ဝင်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) အဖွဲ့ဝင်များ တွေ့ဆုံကြပြီး တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့ အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

(သတင်းစဉ်)