ရန်ကုန်     အောက်တိုဘာ    ၂၂

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ၂၀၂၄-ခုနှစ် ကမ္ဘာ့ရှေးဦး ပြုစုခြင်းနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ SKY Star Hotel ကျင်းပသည်။      

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာဇော်ဌေးက ဂုဏ်ပြု အမှာစကားပြောကြားပြီး ကြက်ခြေနီစွမ်းရည်ပြိုင်ပွဲ လေးယောက်တွဲသဏ္ဌာန်တူ(ပထမ) နှစ်ယောက်တွဲ (ကျား)တို့တွင် ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် အသင်းအတွက် ဆောင်ရွက်ပေးနိုင်မှုဆု၊ ဘေးအန္တရာယ်အမျိုးမျိုးတွင် ကူညီဆောင်ရွက်ပေးနိုင်မှုဆု၊ ရှေးဦးပြုစုပေးနိုင်မှုဆု၊ စာစီစာကုံးပြိုင်ပွဲဆု၊ နည်းပြဆု၊ ရှေးဦးသူနာပြု သင်တန်းထူးချွန်ဆု၊ စွမ်းစွမ်းတမံ ကူညီပေးနိုင်မှုဆု၊ တိုင်းဒေသကြီးဆု၊ ဂုဏ်ပြုမှတ်တမ်းဆုများကို ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဒုတိယဥက္ကဌ၊ ကော်မတီဝင်များ၊ တိုင်းပညာရေးမှူး၊ တိုင်းကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတွင် လိုအပ်နေသော အုပ်ချုပ်မှုယာဉ် တစ်စီးအား အလှူရှင်ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မင်းရဲကျော်စွာလမ်း၊ အမှတ်(၃၀) နေ ဦးရန်အောင်မျိုး (ဗဟိုကောင်စီဝင်-မြန်မာနိုင်ငံကြက်ခြေနီအသင်း) +ဇနီးဒေါ်ဖြိုးလှမြင့် မိသားစုတို့က ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာဇော်ဌေးနှင့် ဒုတိယဥက္ကဌ ဦးတင်မောင် တို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

(သတင်းစဉ်)