နေပြည်တော် အောက်တိုဘာ ၂၂
၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဆပ်ကော်မတီအတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားစွာ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ယခုနှစ်၏(၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅)ရပ်ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထိန်းသိမ်းရေး၊ စစ်မှန်၍စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာစေရေးအတွက် တရားမျှတသော၊ သိက္ခာရှိသော နည်းလမ်းကျနမှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး၊ ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံး၏ “စုပေါင်းအား”ဖြင့် ဆောင်ရွက်ရေး၊ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အမျိုး သားရေး၊ စရိုက်လက္ခဏာနှင့် အမျိုးသားစိတ်ဓာတ်မြှင့်တင်ရေးတို့အတွက် ခိုင်မာသည့် ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဖော်ဆောင်ရေးတို့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း။
လွတ်လပ်ရေးနေ့အတွက်ချမှတ်ထားသည့် ဦးတည်ချက်များသည် လွတ်လပ်ရေး၏အနှစ်သာရကို ပိုမိုပေါ်လွင်စေ ကြောင်း၊ လွတ်လပ်ရေး၏ အဓိပ္ပာယ်သည် အနှောင်အဖွဲ့ကင်းလွတ်ခြင်းကို ဆိုလိုကြောင်း၊ အချုပ်အခြာအာဏာ ဆိုသည်မှာ လွတ်လပ်ခြင်းနှင့် မိမိကိုယ်ပိုင်စီမံဆုံးဖြတ်ခွင့်ရှိခြင်းဖြစ်ပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် နိုင်ငံ သည် လွတ်လွတ်လပ်လပ်နှင့် နိုင်ငံသားအားလုံးက ကိုယ်တိုင်စီမံလုပ်ကိုင်ဆုံးဖြတ် နိုင်ခွင့်ရှိခြင်း၊ အနှောင်အဖွဲ့ကင်းပြီး မိမိကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိသောနိုင်ငံများကို အချုပ်အခြာ အာဏာပိုင်ဆိုင်သည့် နိုင်ငံများအဖြစ် သတ်မှတ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေးသည် အရေးကြီးကြောင်း၊ အချို့နိုင်ငံများသည် လွတ်လပ်ကြသော်လည်း အချုပ်အခြာ အာဏာပိုင်ဆိုင်မှုမရှိကြကြောင်း၊ အချို့နိုင်ငံများသည် အချုပ်အခြာ အာဏာပိုင်ဆိုင်ကြသော်လည်း လွတ်လပ်မှု မရှိကြကြောင်း၊ ထိုသို့သောနိုင်ငံများကို ကမ္ဘာပေါ်တွင် တွေ့မြင်နေရကြောင်း။
မိမိတို့နိုင်ငံသည် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခွင့်အရေးများကို ဆုံးရှုံးမသွားစေရေး နှစ်ပေါင်း များစွာ ကြိုးပမ်းခဲ့ကြရသည်ဖြစ်သည့်အတွက် လွတ်လပ်ရေးကို မဆုံးရှုံးအောင် ဝိုင်းဝန်းထိန်းသိမ်းကြရမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရန်အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရသော်လည်း ပျက်ဆီးဆုံးရှုံးရန်မှာ တစ်ရက်တစ်မနက်နှင့်ပင် ဆုံးရှုံးသွားနိုင်သည့် အခြေအနေများကို ကမ္ဘာ့နိုင်ငံများတွင် တွေ့မြင်ရကြောင်း၊ ယနေ့အချိန်အခါတွင် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်၌ ပိုမိုတွေ့ရှိရ သည်မှာ Balance of Power ဟုခေါ်သည့် အင်အား ချိန်ခွင်လျှာ ပျက်ယွင်းခြင်းများကို တွေ့မြင်နေရကြောင်း၊ နိုင်ငံပေါင်းစုံ စုပေါင်း၍ အစည်းအဝေးလုပ်သည့်နေရာမျိုး တွင်ပင် သူတစ်လူငါတစ်မင်းဖြင့် Globalization ခေါ် ကမ္ဘာ့ရွာကြီးဖွံဖြိုးတိုးတက်ရန် တိုင်ပင်ဆွေးနွေးရမည့်အစား ကမ္ဘာ့ရွာကြီးပျက်ပြားအောင် မိမိလိုရာသို့ဆွဲ၍ ရန်စကားပြောဆိုခြင်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်နေ ရကြောင်း၊ Hegemony ဗိုလ်ကျ စိုးမိုးခြင်းကိစ္စရပ်များ၊ Multilateralismနှင့် Unilateralism အင်အားပြိုင်မှု ကိစ္စရပ်များ၊ ငါနှင့်မတူ ငါ့ရန်သူဆို၍ ဖိအားပေးသော ကိစ္စရပ်များ၊ ငါနှင့်တူသော်လည်း ငါ့အလိုကျ ကြိုးဆွဲကနိုင်ရန် အတွက် Proxy ခေါ် ရုပ်သေးအစိုးရဖြစ်စေရေး ကြိုးစားမှုများကို ယနေ့ကမ္ဘာအရပ်ရပ်နိုင်ငံရေးဇာတ်ခုံတွင် တွေ့ရှိရကြောင်း၊ မိမိနိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံကြီးများအကြားတွင်ရှိပြီး တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်း တစ်ရာ ကျော်ဖြင့် ဖွဲ့စည်းထားသည့်အတွက် သွေးခွဲပြီး၎င်းတို့အလိုကျလွတ်လပ်ပြီး အချုပ်အခြာအာဏာ ပိုင်ခွင့်မရှိသည့် နိုင်ငံဖြစ်အောင် ကြိုးပမ်းနေကြသည့်အတွက် အချုပ်အခြာအာဏာ ပိုင်ခွင့်မဆုံးရှုံးအောင် စုစည်းစွမ်းအား၊ ပေါင်းစည်းစွမ်းအားဖြင့် လွတ်လပ်ရေးကိုထိန်းသိမ်းနိုင်ရန်အလို့ငှာ သတိပြုနိုင်ရေးအတွက် အနှစ်သာရရှိသည့် ဦးတည်ချက်များကို နိုင်ငံတော်ဝန်ကြီးချုပ်က ရွေးချယ်ချမှတ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဉီးတည်ချက်ထဲတွင် စုစည်းမှုများ၊ စည်းလုံးမှုများကိုတွေ့မြင်ရမည်ဖြစ် ကြောင်း။
လွတ်လပ်ရေးနေ့အခမ်းအနားများကို ချမှတ်ထားသည့် အမျိုးသားရေးဦးတည် ချက်များဖြင့် အဓိပ္ပာယ်ပြည့်ဝစွာ နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပပေးလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည်နှင့် အညီ ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များကို ဘက်စုံထောင့်စုံမှ လစ်ဟာမှုမရှိစေရန် သတိ၊ ဝီရိယအပြည့်အဝဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲစစ်ရေးပြ ဆပ်ကော်မတီ၊ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပရေးဆပ် ကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီနှင့် စာရင်းစစ်ဆေးရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများက လုပ်ငန်း တာဝန်များ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွပ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက် သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွပ်လပ်ရေးနေ့ကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆပ်ကော်မတီများအနေဖြင့် ငွေကြေးသုံးစွဲမှုများတွင် အလေအလွင့်မရှိစေရေး၊ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါရှိစေရေး၊ နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် လုံခြံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ပြီး လွတ်လပ်ရေးအနှစ်အရသာကို အများပြည်သူများ သိရှိနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်းဖြင့် ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


