ကုလသမဂ္ဂ     အောက်တိုဘာ     ၂၂

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်မတော်၏ တိုက်ခိုက်မှုများကြောင့် ဒေသခံများ အသက်ဆုံးရှုံး နေရမှုအပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်  အန်တိုနီယို  ဂူတာရပ်စ်က  မှတ်ချက်ပြုပြောကြားခဲ့သည်။

အရပ်သားများကို  လေးစားရမည်ဖြစ်ပြီး  ၎င်းတို့ကို  ကာကွယ်စောင့်ရှောက်ရမည်ဟု  ကုလသမဂ္ဂ  အတွင်းရေးမှူးချုပ်၏  ပြောရေးဆိုခွင့်ရှိသူ   ဖာဟန်ဟဇ်က   ဖြည့်စွက်ပြောကြားသည်။  ဂါဇာဒေသ မြောက်ပိုင်း  ဗိုင်လာဟီယာဒေသရှိ   အရပ်သားများ၏နေအိမ်များကို အစ္စရေးက  ဗုံးကြဲတိုက်ခိုက် ခဲ့ရာတွင်  ပါလက်စတိုင်းဒေသခံ  ၈၄ ဦး သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း  ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။

ဂါဇာဒေသမြောက်ပိုင်းတွင် ဒေသခံအများအပြား နေရပ်စွန့်ခွာမှုများနှင့်   စားရေရိက္ခာရှားပါးလာမှု အပေါ်   စိုးရိမ်ပူပန်ကြောင်းနှင့်   ဂါဇာဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ  အကူအညီ များ အပါအဝင်  ကယ်ဆယ်ရေးအဖွဲ့များ ဝင်ရောက်၍ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရန် အတွက်  ကူညီဆောင်ရွက်ပေးရန်  သက်ဆိုင်ရာ အဖွဲ့အစည်းများအား  ကုလသမဂ္ဂ  အတွင်းရေးမှူး ချုပ် ဂူတာရပ်စ်က ပန်ကြားခဲ့သည်။

မကြာသေးမီက ဆေးရုံများတိုက်ခိုက် ခံရခြင်းအပေါ်  စိုးရိမ်ပူပန်ကြောင်းနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် လူနာများအား ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသူများအား ၎င်းက တိုက်တွန်းခဲ့သည်။ လက်ရှိအချိန်၌ ဂါဇာဒေသတွင် ဖြစ်ပွားနေသည့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို  ချိုးဖောက်နေမှုများအပေါ်  လက်သင့်မခံနိုင်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟဇ်က ပြောကြားသည်။ 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ