ကာဇန်   အောက်တိုဘာ  ၂၃

တရုတ်-ရုရှား နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်းစိတ်ဓာတ်နှင့် မိတ်ဆွေဖြစ်မှုကို စွဲကိုင်ထားပြီး ပြီးပြည့်စုံသည့်   မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကိုအခြေခံကာ ကဏ္ဍစုံ၌ နှစ်ဦး နှစ်ဖက် အကျိုးရှိစေမည့်  လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လျက်ရှိကြောင်း   တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားသည်။

(၁၆)ကြိမ်မြောက် BRICS   အဖွဲ့ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ရုရှားနိုင်ငံ ကာဇန်မြို့သို့ ရောက်ရှိနေစဉ် တရုတ်သမ္မတရှီကျင့်ဖျင်က   အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထပ်လောင်းပြောကြား

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံစလုံး၏ ဖွံ့ဖြိုးတိုးတက်ရေး၊    ပြန်လည် ရှင်သန်ရေးနှင့်    ခေတ်မီတိုးတက်ရေးတို့ကို  အရှိန်အဟုန်ဖြင့်  ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်နိုင်ငံပြည်သူ များ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်ခဲ့ကာ  နိုင်ငံတကာနယ်ပယ်တွင်လည်း   တရားမျှတမှုကို မြှင့်တင်နိုင်ခဲ့ကြောင်း  တရုတ်သမ္မတ ရှီကျင့်ဖျင်က  ထပ်လောင်းပြောကြားသည်။

ယနေ့ကမ္ဘာတွင် တိုးတက်ပြောင်းလဲမှုများနှင့် စိန်ခေါ်မှုများရှိနေသော်လည်း မိမိတို့နှစ်နိုင်ငံအကြား မိတ်ဆွေအဖြစ် တည်ရှိနေမှုသည် ပြောင်းလဲမည်မဟုတ်ဘဲ ကမ္ဘာ့ပြည်သူများ၏ အကျိုးစီးပွားကိုပါ ပူးတွဲဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားသည်။

ကုန်သွယ်ရေးကဏ္ဍကဲ့သို့သော ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို  မြှင့်တင်နိုင်ခဲ့ ပြီး မိမိတို့ နှစ်နိုင်ငံအကြား  ပူးပေါင်းဆောင်ရွက်နေသည့်   စီမံကိန်းများသည်   လက်ရှိအချိန်တွင် လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြား သည်။

BRICS ယန္တရားသည် ထွန်းသစ်စ ဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကြား စည်းလုံးညီညွတ်မှုနှင့်  ပူးပေါင်းဆောင် ရွက်မှုအတွက် ကမ္ဘာ့အရေးအကြီးဆုံး ပလက်ဖောင်းအဖြစ်တည်ရှိနေကြောင်းနှင့် BRICS ၏ သဘာပတိအဖြစ် ရုရှားနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက   အထူး ချီးကျူးဂုဏ်ပြုကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

မြှင့်တင်ဆောင်ရွက်

နှစ်နိုင်ငံအကြား တရုတ်နိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီးပွားရေးစင်္ကြံ စီမံကိန်း နှင့် ရုရှားနိုင်ငံက ဆောင်ရွက်နေသည့် ယူရပ်ရှားစီးပွားရေးအဖွဲ့အစည်းကို မြှင့်တင်ဆောင်ရွက် မည်ဟု သိရသည်။

BRICS ယန္တရား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အပြုသဘောဆောင်သော ဆောင်ရွက်ချက်များကို တိုးမြှင့် ဆောင်ရွက်ရန် မျှော်လင့်ထားကြောင်း တရုတ်သမ္မတရှီက ထပ်လောင်းပြောကြားခဲ့သည်။

လွန်ခဲ့သည့် (၇၅)နှစ်က  ရုရှားနှင့် တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း    နှစ်နိုင်ငံဆက်ဆံရေးသည်  ခေတ်သစ်တွင် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်များအဖြစ် ဖွံ့ဖြိုး တိုးတက်လာခဲ့ကြောင်း ရုရှားသမ္မတ  ဗလာဒီမာပူတင်က ပြောကြားသည်။

တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်အကျိုးရှိမှုတို့ကို အခြေခံ၍ ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ဆက်လက်ခိုင်မာနေပြီး ရုရှား-တရုတ် ယဉ်ကျေးမှုနှစ်ဆိုင်ရာ လှုပ်ရှား မှုများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း   ၎င်းက   ထပ်လောင်းပြောကြားသည်။

ရုရှားနိုင်ငံသည်  တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်ဖြစ်ပြီး  နှစ်နိုင်ငံစလုံး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်ရှင်သန်မှုကိုမြှင့်တင်ရန် အသင့်ရှိကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင်က မှတ်ချက်ပြုပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ