အောက်တိုဘာ ၂၄

ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း ထရာမီတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွား ခဲ့ရာ ၂၂ ဦး ထက်မနည်းသေဆုံးပြီး အခြားကိုးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် မနီလာမြို့အရှေ့တောင်ဘက် ဘိုင်ကိုလ်ဒေသတွင် ၂၀ ဦး သေဆုံးခဲ့ သည်ဟု ယင်းဒေသအကြီးအကဲက ပြောသည်။ နိုင်ငံမြောက်ပိုင်းတွင် တစ်ဦး၊ မြို့တော်တောင်ပိုင်း အခြားဒေသတွင် တစ်ဦးသေဆုံးပြီး သေဆုံးသူဦးရေ မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းရှိဒေသ ၁၂ ခုထက်မနည်းတွင် လူပေါင်း နှစ်သန်းကျော် ထိခိုက်ခဲ့ကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ် လျော့နည်းရေးနှင့်စီမံခန့်ခွဲရေးကောင်စီ ( အင်န်ဒီအာအာအမ်စီ )က ပြောသည်။

ထရာမီမုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးများသည်းထန်စွာရွာသွန်းပြီး ဒေသအများအပြားတွင် ရေကြီး ရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားပြီး လျှပ်စစ်ဓါတ်အားပြတ်တောက်လျက်ရှိသည်။ လေဆိပ်နှစ်ခုနှင့် ပင်လယ်ဆိပ်ကမ်း ၈၆ ခုလည်း ပိတ်ထားရဆဲဖြစ်သည်ဟု အေဂျင်စီကဆိုသည်။

ထိုမုန်တိုင်းသည် လာမည့် ၁၂ နာရီအတွင်း နိုင်ငံမြောက်ပိုင်း လူဇုန်ကျွန်းကိုဖြတ်ကျော်တိုက်ခတ်ပြီး အောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမှဆုတ်ခွာသွားဖွယ်ရှိသည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ်တိုင်ဖွန်းမုန်တိုင်း ပျမ်းမျှအကြိမ် ၂၀ မျှတိုက်ခတ်မှုရှိရာ ထရာမီမုန်တိုင်းသည် ယခုနှစ်အတွင်း ၁၁ ကြိမ်မြောက်တိုက်ခတ်သော တိုင်ဖွန်းမုန်တိုင်းဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို