နေပြည်တော် အောက်တိုဘာ ၂၄
မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေလေ့လာခြင်း သုတေသန (၂၀၂၄) (STEPS Survey-2024) ဆောင်ရွက်ရန် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအတွင်း မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ရေးအတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၂၇) ကို ရေးဆွဲပြီး ရောဂါကာကွယ်ကုသရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်ဒေသ အောက်ခြေအထိ မကူးစက်နိုင်သော ရောဂါများဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီစေရေးအတွက် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှု ဆေးခန်းများကို ကျေးလက်ကျန်းမာရေးဌာနများတွင် အပတ်စဉ်ဖွင့်လှစ်ထားရှိပြီး လိုအပ်သော အခြေခံဆေးများနှင့် ဆေးပစ္စည်းများကို ဝယ်ယူပံ့ပိုးပေးလျက်ရှိကြောင်း၊ STEPS Survey ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူလူထုအတွင်း မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရေးအတွက် များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တို့မှ သင်တန်းဆရာများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းကို (၂၀၂၄)ခုနှစ်၊ အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာ (၂) ရက်အတွင်း (၃) သုတ်ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် STEPS survey (၂၀၂၄) ကို တိုင်းဒေသကြီး/ ပြည်နယ် (၁၃) ခုတွင် ကောက်ယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


