နေပြည်တော် အောက်တိုဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၃ ဒသမ ၉၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီခွဲတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၂၉) ရပ်ကွက်တွင် ဝင်းထွဋ်မောင်းနှင်ပြီး တင်မောင်လတ် (ခ) ကရဒ်ဘိုင် လိုက်ပါလာသည့် FIELDER မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၂၉) ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခဲ့သည့်  TOYOTA SUCCEED မော်တော်ယာဉ် တစ်စီးနှင့် ညနေ ၅ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ကျီစု (အနောက်) ရပ်ကွက် ရွှေကျီးလမ်းသွယ်ရှိ ဝင်းထွဋ်၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆ ဒသမ ၈ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုး ငွေကျပ် ၃ ဒသမ ၉၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ်နေ စိုင်းဆိုင်နွံ (ခ) ပီနွံနှင့် ကျေးသီးမြို့နယ်နေ ဟန်သိန်း (ခ) စိုင်းဆန်ဆွေတို့မှ ရောင်းချခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နေ စိုးမြင့် (ခ) ဇီဘူရာမောက်က ဝယ်ယူခြင်းဖြစ်ကြောင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် ငွေကြေး လွှဲပြောင်းခြင်းတို့ ဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်နေ စိုးမိုးအောင် (ခ) မိုလ်ဇူရာမန်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ ကျော်ဝင်းစိုးနှင့် ဇနီး မသီတာဝင်း (ခ) ယာစမင်းတို့အား ဆက်လက်ဖော်ထုတ် ဖမ်းဆီး ရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်