နေပြည်တော် အောက်တိုဘာ ၂၄
ကမ္ဘာ့မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ ရက်သတ္တပတ် (Global Media and Information Literacy Week) အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင်နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဇေယျာသီရိ မြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့မှ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ခေတ်ရှေ့ဆောင်ကိုယ်ပိုင် အထက်တန်းကျောင်းတို့မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်း သူများ တက်ရောက်ကြသည်။
ဦးစွာ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ ဝေဖန်သုံးသပ်ခွဲခြားသည့် ပညာပေးမှတ်တမ်း ဗီဒီယိုများကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် နှစ်စဉ် အောက်တိုဘာလ၏ စတုတ္ထပတ်ကို ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှု ရက်သတ္တပတ်အဖြစ် UNESCO က ဦးဆောင်၍ ၂၀၁၂ ခုနှစ်ကတည်းက ကမ္ဘာတစ်ဝန်း ကျင်းပလာခဲ့ပြီး မြန်မာနိုင်ငံအနေ ဖြင့် ၂၀၁၈ ခုနှစ်တွင် စတင်ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့အခမ်းအနားကို ကျင်းပရသည့် ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းရှိ သက်ဆိုင်သူများအားလုံးအတွက် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ တိုးတက်မှုကို ပြန်လည်သုံးသပ်ရန်၊ သတင်းရယူမှု အခြေအနေတိုးမြင့်လာစေရန်နှင့် မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ တိုးတက်မှုကို ဂုဏ်ပြုရန်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ပြည်သူလူထု၏ အသိပညာများမြှင့်တင်ရေး စည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်ရန် ဖြစ်ပါကြောင်း။
၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ်၏ ဆောင်ပုဒ်သည် “The New Digital Frontiers of Infor-mation: Media and Informa-tion Literacy for Public Inter-est Information” “သတင်း အချက်အလက် ဒစ်ဂျစ်တယ် နယ်နိမိတ်အသစ်၊ ပြည်သူ့အကျိုးစီးပွား သတင်းအချက်အလက်အတွက် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု” ဖြစ်ပြီး အခမ်းအနားနှင့် ပတ်သက်သည့် လှုပ်ရှားဆောင်ရွက်မှုများကို အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက် တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ဆိုရှယ်မီဒီယာကို အကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ ရှေ့ဆက်ရမည့်ဘဝကိုလည်း စာပေ၊ အသိပညာ၊ အတတ်ပညာများ ဖြင့် ဖြတ်သန်းစေလိုကြောင်း၊ စာများများ ဖတ်စေလိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း လူငယ်များကို တန်ဖိုးထား၊ အလေး ထားပါကြောင်း၊ လူငယ်ကဏ္ဍသည် အရေးကြီးသည့်အတွက် ခေတ်မီ နည်းပညာများကို ကျွမ်းကျင် တတ်မြောက်ကြစေ လိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ အသိပညာပေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် ဆရာ ဆရာမများအား ဂုဏ်ပြုမှတ်တမ်း လွှာ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ကြီးကြပ်ဆရာ ဆရာမများအား မီဒီယာနှင့် သတင်းအချက်အလက် ဆိုင်ရာ စာအုပ်များ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ စကားဝိုင်း ဆွေးနွေးပွဲကို “မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု အရေးပါပုံ” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပရာ ဒေါက်တာ တင်ဘုန်းကျော်က ညှိနှိုင်းရေးမှူး အဖြစ်ဆောင်ရွက်ပြီး ဒေါက်တာ ကျော်ကျော်လင်း၊ စာရေးဆရာမ ဒေါ်သက်သက်နွယ် (သက်သက် နွယ်- ရန်ကုန်တက္ကသိုလ်)၊ ဒေါ်ဝင့် ဝင့်အေး(တရားလွှတ်တော်ရှေ့နေ) တို့က Artificial Intelligence (AI) နည်းပညာ ဖြစ်ပေါ်လာပုံ၊ နည်းပညာ၏ကောင်းကျိုး၊ ဆိုးကျိုး၊ တီထွင်ဖန်တီးနိုင်မှု၊ စိန်ခေါ်မှုများ၊ AI နည်းပညာနှင့် မီဒီယာဆက်စပ်မှု၊ သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်းများနှင့် အမုန်းစကားများ ပျံ့နှံ့စေသည့်လူမှုမီဒီယာများ၊ ဆိုရှယ်မီဒီယာ၏ ကောင်းကျိုး၊ ဆိုးကျိုး၊ ဆက်သွယ်ရေးဥပဒေ တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး (အပေါ်ပုံ) ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုအရေးပါပုံနှင့်စပ်လျဉ်း၍ အပြန်အလှန် မေးခွန်းများ မေးမြန်းဖြေကြားကြရာ ဆုရရှိသူများအား ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ပါဝင်ဆွေးနွေးသည့် ဆရာ ဆရာမများက ဆုများချီးမြှင့် ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး ကြီးကြပ်ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ကံစမ်းမဲများ ဖောက်ပေးခဲ့သည်။
သတင်းစဉ်


