ဒါကာ အောက်တိုဘာ ၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းသို့ ဦးတည်ချဉ်းကပ်လာနေသည့် အင်အားပြင်းဆိုင်ကလုန်း မုန်တိုင်း ဒါနာနှင့်ပတ်သက်ပြီး သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန၏ အထူးသတင်းထုတ်ပြန်ချက်အရ သိရသည်။
အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ထုတ်ပြန်လိုက်သော အထူးသတင်းထုတ်ပြန်ချက်၌ ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ချက်တိုဂရမ် ပင်လယ်ဆိပ်ကမ်းအနောက်တောင် ဘက် ၅၉၅ ကီလိုမီတာခန့်အကွာကို ဗဟိုပြုနေကြောင်း ဖော်ပြထားသည်။ အဆိုပါနေရာသည် မြို့တော် ဒါကာ အရှေ့တောင်ဘက် ၂၄၂ ကီလိုမီတာ အကွာတွင်တည်ရှိသည်။
မုန်တိုင်းဗဟိုချက်၏ ၆၄ ကီလိုမီတာအတွင်း အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် ၉၀ ကီလို မီတာမှ ၁၁၀ ကီလိုမီတာအထိ မြင့်တက်လာနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ရေကြောင်းဆိပ်ကမ်းအားလုံးအတွက် သတိပေးချက်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။
ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်ပြီး အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမို အားကောင်းလာသည့် ဆိုင်ကလုန်းမုန်တိုင်း ဒါနာသည် အိန္ဒိယနိုင်ငံ သြဒိဿကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ပြီးနောက် အိန္ဒိယအရှေ့ပိုင်းပြည်နယ် အနောက်ဘင်္ဂလားသို့ တဖြည်းဖြည်း ရွေ့လျားသွားကာ နောက်ဆုံးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ခူနာဒေသသို့ ဦးတည်ရွေ့လျား လာဖွယ်ရှိသည်။
မုန်တိုင်း၏အရှိန်ကြောင့် မြောက်ဘက်ပင်လယ်အော်နှင့် ၎င်း၏ကမ်းလွန်ကျွန်းများ၊ ဘင်္ဂလားဒေ့ရှ် ပင်လယ်ကမ်းရိုးတန်းများနှင့် ပင်လယ်ဆိပ်ကမ်းများတွင် မိုးသက်လေပြင်းများ ကျရောက်မည် ဖြစ်သည်။
မြောက်ဘက်ပင်လယ်အော်ရှိ ငါးဖမ်းလှေများ အားလုံးနှင့် ဆွဲပိုက်ချသင်္ဘောများအားလုံး ကမ်းခြေသို့ ဆိုက်ကပ်ရန်နှင့် နောက်ထပ်ထုတ်ပြန်ချက် တစ်စုံတစ်ရာမရရှိသေးသမျှ သတိနှင့်နေထိုင်ရန် အကြံပြုထားသည်။
ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူများကို နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်နှင့် မုန်တိုင်းဒဏ်ခံအဆောက်အအုံများသို့ ပြောင်းရွှေ့ကြရန် အသံချဲ့စက်များဖြင့် လိုက်လံကြေညာထားသည်။
မုန်တိုင်းကြိုတင်ပြင်ဆင်မှု အစိတ်အပိုင်းတစ်ခုအနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ကမ်းရိုးတန်း ခရိုင်များရှိ ပြည်သူ့ဝန်ထမ်းအားလုံးအတွက် ပိတ်ရက်များနှင့် အားလပ်ရက်များကို ဖျက်သိမ်း ခဲ့သည်။
ဆင်ဟွာ