သထုံ အောက်တိုဘာ ၂၅

 

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာတွင် စက်တင်ဘာလအတွင်းက ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းပြီး ဒုံသမိချောင်းရေ မြင့်တက်မြင့်တက်ကာ ယာယီရေဘေးရှောင်ခဲ့ရသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက အမှာစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူး ဒေါ်ဖြူဖြူအေးက သထုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများ၊ ထောက်ပံ့ခဲ့မှုများနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးနေသည့် အစီအစဉ်တို့ကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ရေဘေးကြောင့် ယာယီရွှေ့ပြောင်းခဲ့ရသည့် ဒူးရင်းဆိပ်ကျေးရွာနေ အိမ်ထောင်စုပေါင်း (၃၀)အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် ခေါက်ဆွဲခြောက်နှင့် စည်သွတ်ငါးသေတ္တာတို့ကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က တစ်ဦးချင်းလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)