ရန်ကုန် အောက်တိုဘာ ၂၅

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံတို့တွင် လစဉ်မီတာများ စနစ်တကျမှန်ကန်စွာ ဖတ်ရှုသွားရေး၊ ဓာတ်အားပျောက်ဆုံးမှုများ မှန်ကန်စွာသိရှိနိုင်ရန် ဓာတ်အားလက်ခံမီတာနှင့် ဓာတ်အားဖြန့်ဖြူးမှုမီတာများ စီမံချက်ဖြင့် အမြန်တပ်ဆင်သွားရေး ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၃၃ ကေဗွီ ဓာတ်အားခွဲရုံမှ စက်မှုဇုန်စက်ရုံများသို့ ဓာတ်အားဖြန့်ဖြူးထားရှိမှုနှင့် ဓာတ်အားခွဲရုံများ ကြံ့ခိုင်ကောင်းမွန်မှုရှိစေရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ လစဉ်မီတာများ စနစ်တကျမှန်ကန်စွာဖတ်ရှုရေး၊ လစဉ်ယူနစ် ဖတ်ချက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းထားရှိရေး မှာကြားသည်။

 

ထို့နောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လျှပ်စစ်မန်နေဂျာရုံး၊ ဒဂုံတက္ကသိုလ် ဓာတ်အားခွဲရုံ၊ စက်မှုဇုန်အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၄) ဓာတ်အားခွဲရုံများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တရားမဝင် ဓာတ်အားသုံးစွဲမှုများမရှိစေရေး၊ ဓာတ်အား ပျောက်ဆုံးမှုများမှန်ကန်စွာ သိရှိနိုင်ရေးအတွက် ဓာတ်အားလက်ခံမီတာနှင့် ဓာတ်အားဖြန့်ဖြူးမှုမီတာများအား စီမံချက်ဖြင့် အမြန်တပ်ဆင်ရန်၊ စက်မှုဇုန်သုံးဖီဒါများနှင့် အများပြည်သူသုံးဖီဒါများအား စနစ်တကျ ခွဲခြားဖြန့်ဖြူး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းသိရသည်။

 

ဓာတ်ပုံ- YESC

သစ္စာ(MNA)