နေပြည်တော် အောက်တိုဘာ ၂၅
မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်သည့် (၄၆)ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အွန်လိုင်းစနစ်ဖြင့် ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် (၂၄)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သည်။
(၂၄)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများက အစည်းအဝေး၏ ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တီမောလက်စ်တေနိုင်ငံ၊ အပေါင်းသုံးနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့မှ လယ်ယာ စိုက်ပျိုးရေးသစ်တောဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိများ၊ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အာဆီယံအပေါင်းသုံး စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာ (၂၀၁၆-၂၀၂၅) အရ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း အကောင် အထည်ဖေါ်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများဖြစ်ကြသော အာဆီယံအပေါင်းသုံး ဆန်အရန်ရိက္ခာ ထားရှိရေးအစီအစဉ်၊ အာဆီယံစားရေရိက္ခာဖူလုံရေး သတင်းစနစ်ဆိုင်ရာလုပ်ငန်းများ၊ ဇီဝစွမ်းအင် ဖွံ့ဖြိုးတိုးတက်စေရေး စီမံချက်များ၊ ရေရှည်တည်တံ့သော သစ်တောကဏ္ဍ စီမံခန့်ခွဲရေးဆိုင်ရာ စီမံကိန်းများ၊ အပင်နှင့်တိရစ္ဆာန် ကျန်းမာရေးထိန်းချုပ်ရေးလုပ်ငန်းများ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေး ပြည့်မီစေရေးနှင့် စျေးကွက်ရရှိရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ကြပြီး ၂၀၂၅ ခုနှစ်အလွန်တွင် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများရှိ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ပူးပေါင်းဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လမ်းညွှန်ချက်များ ချမှတ်ခဲ့ကြသည့်အပြင် အစည်းအဝေး၏ ပူးတွဲကြေညာချက်ကိုလည်း အတည်ပြု ခဲ့ကြသည်။
၎င်းနောက် ဖိလစ်ပိုင်နိုင်ငံမှ ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် (၂၄)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုး ရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် In Person ဖြင့် လက်ခံ ကျင်းပမည်ဖြစ်ပါကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရိုက်ကူးထားသည့် ဗီဒီယိုပြသ၍ အစည်းအဝေးသို့ အသိပေးကြေညာခဲ့သည်။
မွန်းလွဲပိုင်းတွင်ကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အိန္ဒိယနိုင်ငံ၊ လယ်ယာ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားရေးရာဝန်ကြီးဌာန ဝန်ကြီး H.E Shri Shivraj Singh Chouhan တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တီမောလက်စ်တေနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ လယ်ယာစိုက်ပျိုးရေးသစ်တောဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိများ၊ ကိုယ်စား လှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာပူး ပေါင်းဆောင်ရွက်မှု ကာလလယ် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံ-အိန္ဒိယ စိုက်ပျိုးရေးနှင့် ဆက်စပ်သိပ္ပံဘာသာရပ်များအတွက် ပညာသင်ဆုပေးအပ်ခြင်းစီမံကိန်း၏ အကောင် အထည်ဖော်ဆောင်ရွက်မှုများ၊ မြေဆီလွှာကျန်းမာရေးကို ကဒ်ပြားအသုံးပြုစစ်ဆေးခြင်းဖြင့် ဂေဟစနစ် အား ပြန်လည်ကောင်းမွန်စေသည့် စိုက်ပျိုးရေးစနစ်ဆိုင်ရာ စီမံကိန်းနှင့် ဉာဏ်ရည်တုအသုံးပြုခြင်း၊ အင်တာနက်နှင့် အာရုံခံချစ်ပြားတို့ကို အသုံးပြု၍ ကိန်းကဏန်း အချက်အလက်များ တိုင်းထွာခြင်း၊ ကွန်ပြူတာဉာဏ်ရည်စနစ်ဖြင့် တိကျသည့် စိုက်ပျိုးရေးစနစ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး စီမံကိန်းတို့ အကောင်အထည် ဖော်ဆောင်ရွက်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲ ကြေညာချက်အပေါ် အတည်ပြုခဲ့ကြသည်။
၎င်းနောက် ၂၀၂၆ခုနှစ်တွင် ပြုလုပ်မည့် (၉)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို အိန္ဒိယနိုင်ငံမှ လက်ခံကျင်းပမည်ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံ၏ ကိုယ်စားလှယ်ခေါင်းဆောင်မှ ကြေညာခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)


