နေပြည်တော် အောက်တိုဘာ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာသို့ရောက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းတူးဖော်နေသည့် ကိုဖြူကန်နှင့် တောရကျောင်း ကန်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒေသခံတောင်သူများ၏ ဆီထွက်သီးနှံ မြေပဲစိုက်ခင်းများကိုလည်းကောင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန၏ ကုန်းတန်းကြီး ကျေးရွာအဝင်လမ်း (၁) မိုင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆက်လက်ဆောင်ရွက်နေမှု၊ မင်းနန်သူ ကျေးရွာအဝင်လမ်း အရှည် (၂ ဒသမ ၈၅) ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေ သော မင်းနန်သူကျေးရွာတွင်း လမ်း အရှည်ပေ (၁၆၅၀) ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းနှင့် ပေ (၃၀) Slab Culvert (၂) စင်း တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် အနောက်ဖွားစောကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ ရောက်ရှိပြီး ဒုတိယမြို့နယ် ပညာရေးမှူး၊ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံအမှာအစကား ပြောကြားကာ အခြေခံပညာ အလယ်တန်းကျောင်းအတွက် လူငယ်စာပေဆိုင်ရာ စာအုပ်စာစောင်များ၊ မဂ္ဂဇင်းစာအုပ်များနှင့် အားကစား ပစ္စည်းများကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ တောင်ဘီကျေးရွာ ကျေးရွာတွင်းလမ်း အရှည် (၅ ဒသမ ၂) ဖာလုံ ဂျင်းကျောက် ခင်းခြင်းလုပ်ငန်းနှင့် လမ်းဘေးရေနုတ်မြောင်း တူးဖော်နေမှုကိုလည်းကောင်း၊ မြင်းကပါကျေးရွာရှိ “ရွှေ”ယွန်းစက်မှုလက်မှုနှင့် ကုန်ထုတ်သမဝါယမအသင်း၏ ယွန်းထည်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေမှု၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆိုင်ကယ် ပြင်သင်တန်း ဖွင့်လှစ်နေမှုကိုလည်းကောင်း ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း(၃၀၀) ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် နတ်ကြို့အိုင်ကျေးရွာသို့ သွားရောက်ပြီး ကန်မကြီးကန်နှင့် မြောက်စုကန် တူးဖော်နေမှုကိုလည်းကောင်း၊ ကန်ပေါက်အရှေ့ကျေးရွာသို့ သွားရောက်၍ ကန်ကြီးကန်နှင့် ကျင်လိုကန်တူးဖော်နေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန က ရေကန် (၂) ကန် တာဝန်ယူတူးဖော်ပေးခဲ့ပြီး အလှူရှင်များ လှူဒါန်းထားသော ရေကန်(၁၀)ကန်ကိုလည်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့က တူးဖော်ပေးလျက်ရှိရာ စုစုပေါင်းရေကန် (၁၂) ကန်အနက် (၈) ကန်ကို ၁၀၀ ရာခိုင်နှုန်း တူးဖော်ပေးပြီးဖြစ်သည်။ ဆောင်ရွက်ဆဲ ကျန်ရေကန် (၄) ကန်ကိုလည်း ယခုအောက်တိုဘာလကုန်အပြီး တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


