ရန်ကုန် အောက်တိုဘာ ၂၅
ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်သို့ရောက်ရှိကာ အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် ကျောင်းသား ကျောင်းသူများ ဝိဇ္ဇာတွဲ ဘာသာရပ်များဖြေဆိုနေမှုနှင့် ကျောင်းသားရေးရာဌာနရှိ အဝေးသင်သင်တန်းဌာနခွဲ လုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယ၀န်ကြီးသည် အစည်းအဝေးခန်းမတွင် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး) များ၊ ပါမောက္ခများ၊ သင်ကြားစီမံတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မိမိတို့၀န်ကြီးဌာန၏ မျှော်မှန်းချက်နှင့် လုပ်ငန်းတာ၀န်များကို သိရှိနားလည်ပြီး အောင်မြင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များအလိုက် အရည်အသွေးအာမခံမှု စနစ်တည်ဆောက်နေပါကြောင်း၊ တက္ကသိုလ် သင်ကြားရေးနှင့် စီမံခန်ခွဲရေး အရည်အသွေး များတိုးတက်ပြီး အာရှတက္ကသိုလ်များအဆင့် သတ်မှတ်ချက်တွင် အဆင့်တက်အောင်ကြိုး စားကြစေလိုပါကြောင်းပြောကြားသည်။
ယင်းနောက် တက္ကသိုလ်၏လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ပိုမို၍အဆင်ပြေ ချောမွေ့မှုရှိစေရေး အတွက် လိုအပ်ချက်များကိုမေးမြန်းရာ တက်ရောက်လာသူများက တင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းပေးကာ တက္ကသိုလ်စာကြည့်တိုက်ရှိ စာအုပ်စာရင်းများ စနစ်တကျ ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးသည် တက္ကသိုလ်၀င်းအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေး၊ ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ အားကစားရုံနှင့် အားကစားကွင်း များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမ၌ ရန်ကုန်မြို့ ပေါ်ရှိ တက္ကသိုလ်များမှ အင်္ဂလိပ်စာပါရဂူဘွဲ့ရ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ များနှင့်တွေ့ဆုံကာ အင်္ဂလိပ်စာသဒ္ဒါ(Grammar)ကို မီဒီယာများမှ ထုတ်လွှင့်သင်ကြားနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေး၊ တက္ကသိုလ်အဆင့်နှင့် အခြေခံပညာအဆင့်သင် ဆရာဆရာမ များ၏ အရည်အချင်းပြည့်မီစေရေးအတွက် သင်တန်းများပို့ချရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


