နေပြည်တော် အောက်တိုဘာ ၂၅

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ တိုးချဲ့ရုံးအဆောက်အဦ၌ ကျင်းပ သည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယနေ့ကျင်းပသည့် အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို တက်ရောက်ကြသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ဝန်ထမ်းများ အနေဖြင့် ဆွေးနွေးပွဲကရရှိသည့် အသိအမြင်ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိမိသားစု၊ မိမိပတ်ဝန်း ကျင်သို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ မိမိကစပါဝင်ပြီး အဂတိလိုက်စားမှုများနှင့်ပတ်သက်၍ တာဆီးရန်၊ ငြင်းဆိုရန် တိုက်တွန်းလိုပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ပုဒ်ဖြစ်သည့် “အဂတိပယ်ခွာ ပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း အဂတိတရားကင်းစင်သည့် လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ကြရန်လိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက  နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ယခုလိုဟောပြောပွဲများမှ အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးကျေးဇူးများရရှိပြီး နိုင်ငံ့ တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြ စေလိုကြောင်း တိုက်တွန်းပြောကြားသည်။     

 

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး တာဝန်ရှိသူများက  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများ၊ အဂတိ လိုက်စားမှု၏ ဆိုးကျိုးများ၊ တားဆီးကာကွယ်ရေးကဏ္ဍများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးပွဲအပြီးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း ဦးဆောင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြ ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)