နေပြည်တော် အောက်တိုဘာ ၂၅

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဝါသီးနှံစိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာ ယာယီရှင်းလင်းဆောင်၌ တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဝါစိုက်တောင်သူများ၊ မတ်ပဲစိုက်တောင်သူ၊ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စု ဝန်ကြီးက တောင်သူများအနေဖြင့် ဝါများအထွက်တိုးရေး မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ ထွက်ရှိလာသော ဝါများအား ဈေးကွက် သေချာစွာရရှိရေး ဝါကြိတ်စက်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့်လည်း လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများရရှိရေး စိတ်တူကိုယ်တူ ဆန္ဒတူသူများဖြင့် သမဝါယမ အသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ သမဝါယမအသင်းရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး အသင်းသား တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တပ်ကုန်းမြို့နယ်အတွင်းရှိ သူဌေးကုန်းကျေးရွာနှင့် မကျီးကုန်းကျေးရွာတို့မှ သမဝါယမအသင်းသား မတ်ပဲစိုက်တောင်သူ (၁၅)ဦး၏ မတ်ပဲစိုက်ဧက(၂၄)ဧကအတွက် တစ်ဧကလျှင် မတ်ပဲမျိုးစေ့ ၁၀ ပိဿာနှုန်းဖြင့် စုစုပေါင်း ပိဿာ ၂၄၀ အပါအဝင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မတ်ပဲစိုက် ဧကများအတွက် စုစုပေါင်း မတ်ပဲမျိုးစေ့ ၁၃၅၀ ပိဿာကိုလည်းကောင်း၊ ချောင်းကမ်းကြီးကျေးရွာနှင့် ရှားတော ကျေးရွာတို့မှ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းတို့မှ နေကြာစိုက်အသင်းသား တောင်သူများ၏ နေကြာစိုက် ဧက ၁၅၀ အတွက် စမ်းဝတီသဘာဝမြေဩဇာအိတ် ၁၅၀ အပါအဝင် ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ နေကြာစိုက်ဧက ၂၀၅၃ ဧကအတွက် စမ်းဝတီ သဘာဝမြေဩဇာ ၁၀၀၅ အိတ်ကို လည်းကောင်း ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက် မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ လင်းရောင်ခြည်လယ် ယာနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်း အသင်းသား တောင်သူ(၁၉)ဦးတို့၏ ဝါစိုက်ဧက ၃၂ ဧကကျော်တွင် စိုက်ပျိုးထားသော မိုးဝါများ ဆွတ်ခူးနေမှု အခြေအနေကို လည်းကောင်း၊ အေးချမ်းသာစံပြ ကျေးရွာ၌ ပုဂ္ဂလိကလုပ်ငန်းရှင်၊ ကျေးရွာကော်မတီတို့ ပူးပေါင်း၍ စက်ရက်ကန်းဖြင့် ပိတ်စများ ထုတ်လုပ်ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)