နေပြည်တော် အောက်တိုဘာ ၂၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက် အမှတ်(၁၀)အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ လယ်ဝေးမြို့နယ် ဝင်တဲကူးကျေးရွာအုပ်စု၊ သစ်တောရွာခန်းမ၌ ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံ စီမံကိန်းအတွက် မျိုးစေ့နှင့် သွင်းအားစု ပစ္စည်းများ ပေးအပ်ခြင်းနှင့် တောင်သူတွေ့ဆုံပွဲသို့ တက်ရောက်ပြီး တောင်သူများအား နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံစီမံကိန်းအတွက် မျိုးစေ့နှင့် သွင်းအားစု ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဆောင်ရွက် ပေးသည်။
ထို့နောက် လယ်ဝေးမြို့နယ် ပလွေးချောင်းကူး ပေ ၁၅၀ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းနှင့် Box Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ဒက္ခိဏသီရိဈေးအတွင်း နေပြည်တော်ဒေသထွက်ကုန်နှင့် လက်ဆောင်ပစ္စည်း အရောင်းဆိုင်၊ MSME ထုတ်ကုန်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လယ်ဝေးမြို့နယ်၊ အမှတ်(၂) အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်နေကြသည့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော် ကိုယ်စားပြု အားကစားသမားများအား သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားကာ ဖြည့်စွက်အားဖြည့်စာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းစံပြကျေးရွာ၌ ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ခြံစနစ်ဖြင့် မွေးမြူထားသော ဆိတ်ခြံ၊ ဝက်ခြံ၊ ကျွဲခြံ တို့ကိုလည်းကောင်း၊ နေပြည်တော် ရေပန်းဥယျာဉ် အဆင့်မြှင့် တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများနှင့် အိမ်ရာပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ပင်လောင်းလမ်း (အေးမြင့်သာယာ တံတားအနီး) လမ်းဘေးဝဲ/ယာတွင် ပန်းအလှပင်များ စိုက်ပျိုးနေမှုအခြေအနေကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်သေချောင်းရေ လမ်းကြောင်း မှန်ကန်စေရေး တူးဖော်ဆောင်ရွက်ပြီးစီးမှု၊ ယာယီကမ်းထိန်း ရေကာတာများ ဆောင်ရွက် ထားရှိမှုနှင့် တံတားပြုပြင်ပြီးစီးမှု အခြေအနေကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


