ရန်ကုန်  အောက်တိုဘာ  ၂၆

ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ‌ဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်သို့ရောက်ရှိပြီး အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် ကျောင်းသား ကျောင်းသူများ ဝိဇ္ဇာတွဲဘာသာရပ်များ ဖြေဆိုနေမှုနှင့် အဝေး သင် သင်တန်းဌာနခွဲ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ သင်ကြားစီမံ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ၀န်ကြီးဌာန၏ မျှော်မှန်းချက်နှင့် လုပ်ငန်းတာ၀န်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ တက္ကသိုလ်များအလိုက် အရည်အသွေး အာမခံမှုစနစ် တည်ဆောက်နေမှုနှင့် တက္ကသိုလ်သင်ကြားရေးနှင့် စီမံခန့်ခွဲရေး အရည်အသွေးများ တိုးတက်ပြီး အာရှတက္ကသိုလ်များအဆင့် သတ်မှတ်ချက်တွင် အဆင့် တက်အောင် ကြိုးစားကြရန် ဆွေးနွေးမှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ တက္ကသိုလ်စာကြည့်တိုက်၊ တက္ကသိုလ်၀င်းအတွင်းနှင့် အားကစားရုံ၊ အားကစားကွင်းများကို ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များမှ အင်္ဂလိပ်စာ ပါရဂူဘွဲ့ရ ပါ‌မောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံပြီး အင်္ဂလိပ်စာ သဒ္ဒါ(Grammar)ကို မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်သင်ကြားနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေး၊ တက္ကသိုလ်အဆင့်နှင့် အခြေခံပညာအဆင့်သင် ဆရာ၊ ဆရာမများ၏ အရည်အချင်း မြှင့်တင်ရေး သင်တန်းများပို့ချရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)