နေပြည်တော် အောက်တိုဘာ ၂၆
မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Tour Operator များနှင့် Tour Agency များပါဝင်သော ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲနှင့် Business Matching အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ လေကြောင်းလိုင်းများနှင့် ဟိုတယ်နှင့်ခရီးသွား ကုမ္ပဏီများမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဓိကခရီးစဉ် ဒေသများအကြား အချိန်တိုတိုအတွင်း သွားရောက် လည်ပတ်နိုင်စေရန်၊ ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသများနှင့် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ပြီး ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး အသွားအပြန် လေကြောင်းခရီးစဉ်ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်မှစတင်၍ ပျံသန်းပြေးဆွဲနေပါကြောင်း၊ နိုင်ငံတော်မှ သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သည့် ရုရှားခရီးသွား ဧည့်သည်များအတွက် ဗီဇာကင်းလွတ်ခွင့်ကို (၁)နှစ် ထပ်မံခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ ရုရှားခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရေး ဝိုင်းဝန်းဆောင် ရွက်ပေးစေလိုကြောင်း၊ မြန်မာ-ရုရှား နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖလှယ်ရေးခရီးလမ်းကြောင်း ရေရှည်တည်တံ့ခိုင်မြဲ အောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးတို့က အမှာစကားပြောကြားကြပြီး ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်တစ်ဦးက ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရ သည့် အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းကာ မြန်မာနိုင်ငံသို့ ပိုမိုအဆင်ပြေစွာလာ ရောက်နိုင်ရေးအတွက် သိရှိလိုသည့် အချက်အလက်ကို မေးမြန်း ဆွေးနွေးကြသည်။
ညနေပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ခရီးသွားကုမ္ပဏီများနှင့် မြန်မာနိုင်ငံမှ ဟိုတယ်များ၊ ခရီးသွားကုမ္ပဏီများ တွေ့ဆုံကာ Business Matching အစီအစဉ်ကို ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


