နေပြည်တော် အောက်တိုဘာ ၂၆

(၁၂)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management-AMMDM)နှင့် ဆက်စပ်လှုပ်ရှားမှု အစီအစဉ် များကို ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီ ဘီဂါဝမ်မြို့၌ အောက်တိုဘာ (၂၃) ရက်မှ (၂၅)ရက်အထိ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် အာဆီယံနိုင်ငံများမှ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများ၊ ဆွေးနွေးဖက် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဝန်ကြီးများနှင့်အတူ တက်ရောက်သည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားသို့ တက်ရောက်ပြီး အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးမည့် ဘန်ဒါဆရီ ဘီဂါဝမ်မြို့နှင့် Taman Mahkota Jubli Emas ဥယျာဉ်တို့သို့ သွားရောက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဝန်ကြီးများနှင့်အတူ သတ်မှတ်နေရာတွင် ကန့်ကော်ပင်ကို စိုက်ပျိုးပေးသည်။

 

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အိမ်ရှင်ဘရူနိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးက နှုတ်ခွန်းဆက် စကားပြောကြားပြီး အာဆီယံ အတွင်းရေးမှူးချုပ်၏ (၁၂)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေး ဂုဏ်ပြုဗွီဒီယို သတင်းစကားကို ထုတ်လွှင့်ပြသသည်။

 

ထို့နောက် ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ဆူနာမီအနှစ် (၂၀)ပြည့် အထိမ်းအမှတ် အစီအစဉ်ကို ကျင်းပရာ ၂၀၀၄ ခုနှစ် ဆူနာမီဘေးကျရောက်စဉ် မှတ်တမ်းတင်ဗွီဒီယိုပြသခြင်း၊ အဆိုပါ ဘေးအန္တရာယ်အတွင်းမှ လွတ်မြောက်ခဲ့သူများနှင့် တွေ့ဆုံမေးမြန်းခြင်း မှတ်တမ်း၊ ဆူနာမီတိုက်ခတ်မှု နောက်ပိုင်းကာလ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဖွဲ့စည်းမှု၊ ကြိုတင်ပြင်ဆင်မှု အစရှိသည့် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းလာမှု မှတ်တမ်းတို့ကို ပြသသည်။

 

ယင်းနောက် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင် ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်နှင့် (၁၂)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေးသို့ ဂုဏ်ပြုပေးပို့သော ကုလသမဂ္ဂဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချ ရေးရုံးအကြီးအကဲ၏ ဂုဏ်ပြုသတင်းစကား ဗွီဒီယိုကိုပြသကာ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)