ရန်ကုန် အောက်တိုဘာ ၂၇
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူး၍ တန်ဆောင်မုန်းလ အဖိတ်နေ့နှင့် လပြည့်နေ့တို့တွင် (၃၆)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲ အခမ်းအနားနှင့် သာမညဖလအခါတော်နေ့ အခမ်းအနားများကို သတ်မှတ်နေရာများ၌ ကျင်းပသွားမည်ဖြစ်သည်။
တန်ဆောင်မုန်းလ အဖိတ်နေ့ (နိုဝင်ဘာ ၁၄ ရက်) ညနေ ၄ နာရီတွင် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် ရက်ကန်းပြိုင်ပွဲဝင်အဖွဲ့များက စေတီတော်ရင်ပြင် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းရှေ့စုရပ်မှ စေတီတော်မြတ်ကြီးအား လက်ျာရစ် တစ်ပတ်လှည့်လည်ပူဇော်ပြီး ရာဟုထောင့် အောင်မြေတွင် ရက်ကန်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်သည်။
ယင်းနောက် ည ၁၀ နာရီတွင် ရက်ကန်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ၍ ဆုရရှိသည့် ရက်ကန်းစင်တော်များအလိုက် ဆုချီးမြှင့်ခြင်း၊ ရရှိလာသော ပိတ်သားများကို ရွှေကြာသင်္ကန်းတော်များအဖြစ် ညတွင်းချင်း အပြီးချုပ်လုပ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၁၅ ရက်) နံနက် ၄ နာရီတွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းအဖွဲ့များ၊ ဝန်ထမ်းများ၊ ရက်ကန်းပြိုင်ပွဲဝင်အဖွဲ့များက ရွှေကြာသင်္ကန်းတော်များ ကိုင်ဆောင်လျက် စေတီတော်မြတ်ကြီးအား လက်ျာရစ်တစ်ပတ် လှည့်လည်ပူဇော်၍ အာရုံခံမုခ်ဦးများအတွင်းရှိ ပွင့်တော်မူပြီးသော ဘုရားရှင်လေးဆူတို့၏ ရုပ်ပွားတော်များ၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်နှင့် သတ်မှတ်တန်ဆောင်းများ အတွင်းရှိ ရုပ်ပွားတော်များကို မသိုးရွှေကြာသင်္ကန်းများ လှည့်လည်ပူဇော် ကပ်လှူသွားမည် ဖြစ်သည်။
နံနက် ၅ နာရီတွင် ရင်ပြင်တော် တောင်ဘက် ဧည့်ခံတန်ဆောင်း၌ အရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခြင်း၊ နံနက် ၅ နာရီခွဲတွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် နံနက် ၆ နာရီတွင် ဆရာတော်ကြီးများထံမှ သာမညဖလအခါတော်နေ့ဆိုင်ရာ တရားတော်များ နာကြား၍ ပြုခဲ့သော ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်ချ အနုမောဒနာ အခမ်းအနားများ ကျင်းပသွားမည်ဖြစ်၍ သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းတို့ လာရောက်ကုသိုလ်ပြု လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ထားသည်။
ထို့အပြင် တန်ဆောင်မုန်းလ အဖိတ်နေ့ (နိုဝင်ဘာ ၁၄ ရက်)တွင် ညအိပ် ကုသိုလ်ပြုမည့် ဘုရားဖူးပြည်သူများအနေဖြင့် ရင်ပြင်တော်တောင်ဘက်ရှိ လုံခြုံ/မီးသတ်ဌာနရုံးခန်းနှင့် သတ်မှတ်တန်ဆောင်းများတွင် ညအိပ်ဧည့်စာရင်း တိုင်ကြားနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာကြရန်နှင့် လုံခြုံရေးအရ စစ်ဆေးမှုများအား ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ယူကြပါရန် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က မေတ္တာရပ်ခံထားရှိကြောင်း သိရသည်။ ဇော်မင်းလတ်(MNA)


