ကန့်ဘလူ ၅ မတ် 


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မြေထူးကျေးရွာ (မြေထူးမြို့ဟောင်း) ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဂူမြင့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၀ ပြည့်နှစ် တပေါင်းလဆန်း ၁၀ ရက်မှ လပြည့်နေ့ထိ (မတ် ၁၅ ရက်မှ ၂၀ ထိ) အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။


အထက်အညာဒေသ မူးမြစ်ဝှမ်းတွင် ဈေးပွဲတော်အဖြစ် ကျော်ကြားထင်ရှားသော ရွှေဂူမြင့်စေတီတော် (မြေထူးမြို့ဟောင်း) ဘုရားပွဲတော်သည် အမြို့မြို့အနယ်နယ်အရပ်မှ ကုန်ရောင်းကုန်ဝယ်  ဈေးသည်များ၊ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားသော အညာဒေသဘုရားပွဲတော်ကြီး ဖြစ်သည်။ 


မြေထူးဘုရားပွဲတွင် အညာဒေသထွက်ကုန် ကောက်ပဲသီးနှံပဲမျိုးစုံနှင့် တောင်သူလယ်သမားသုံး ပစ္စည်းများ၊ မီးဖိုချောင်သုံး သံထည်ပစ္စည်းများ၊ နှီးဖြင့်ပြုလုပ်ထားသော ဖျာ၊ တင်းတောင်း စသည့် ပစ္စည်းများ၊ စဉ့်ထည်အမျိုးမျိုး၊ ကျောက်ဖြင့်ပြုလုပ်သော ကျောက်ပျဉ်၊ ငရုတ်ဆုံ စသည့်ပစ္စည်းများနှင့် ရက်ကန်းထွက် ချည်ထည်များကို ခင်းကျင်းရောင်းချပြီး အနယ်နယ်အရပ်ရပ်က ဈေးရောင်းဈေးဝယ်တို့သည် မူးမြစ်ကြောင်းမှ လှေ၊ သဗ္ဗာန်တို့ဖြင့် လည်းကောင်း၊ အနီးဝန်းကျင်ကျေးရွာများက လှည်းပေါင်းမိုးကြီးများဖြင့် လည်းကောင်း လာရောက် ရောင်းဝယ်ကြကြောင်း သိရသည်။


ယနေ့ခေတ်တွင် မော်တော်ကား၊ သုံးဘီး၊ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်၊ လှည်းများဖြင့် လာရောက်ကြရာ ရှေးအစဉ်အလာမပျက် စည်ကားလျက်ရှိသည်။ အဆိုပါ ဘုရားပွဲတော်ကာလတွင် လပြည့်နေ့ (မတ် ၂၀) ၌ ဆရာတော် သံဃာတော်များအား ပင့်ဖိတ်၍ ဆွမ်းဆန်စိမ်းများ စုပေါင်းလောင်းလှူခြင်း၊ ရေစက်ချအမျှပေးဝေခြင်း၊ နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ကြမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)

 

1