နေပြည်တော်   အောက်တိုဘာ  ၂၇

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူ များသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်း ကျေးရွာ အုပ်စုနှင့် ကျိုက်စကိုင်း ကျေးရွာအုပ်စု ကွင်းအမှတ်(၇၂၈-၇၂၉)၌ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ရန်လျာထားသည့် စနစ်ကျလယ်မြေဧက (၃၃၀ ဒသမ ၇၉) ဖော်ထုတ်မည့် မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေ များကို နိုင်ငံတစ်ဝန်း တိုးတက်ပေါ်ထွန်းလာစေခြင်းဖြင့် လယ်ယာကဏ္ဍ အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လယ်ယာသုံး စက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်ပြီး တစ်ဆက်တည်း ထွန်ယက်စိုက်ပျိုးနိုင်သော လယ်ကွက်ကျယ်များ ဖြစ်ထွန်းလာမည်ဖြစ်ပြီး ရေသွင်းရေထုတ် လွယ်ကူခြင်းကြောင့် အထွက်တိုး မျိုးကောင်း၊ မျိုးသန့်များ၊ သိပ္ပံနည်းကျစိုက်နည်းစနစ်များကို အသုံးပြုစိုက်ပျိုးနိုင်ခြင်းဖြင့် သီးနှံအထွက် နှုန်းတိုးတက်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လမ်းများ ပါဝင်သော စနစ်ကျလယ်ကွက်များ ဖော်ထုတ်ခြင်း ကြောင့် လေလွင့်ဆုံးရှုံးမှု လျော့နည်းစေပြီး အရည်အသွေးကောင်း လယ်ယာထုတ်ကုန်များ တိုးတက် ထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း၊ စနစ်ကျလယ်ကွက်များတွင် လယ်ယာသုံးစက်ကိရိယာများ အချိန်မရွေး၊ ရာသီမရွေး ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်သည့်အတွက် တစ်သီးမှ နှစ်သီး၊ သုံးသီးထိ တိုးချဲ့စိုက်ပျိုးနိုင် မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် တိုက်ကြီးမြို့နယ် စမ်းရွာအနီး ဥက္ကံချောင်းပေါ်၌ တည်ဆောက်ထား သည့် တဘူးလှ(ဥက္ကံ) ရေလွှဲဆည်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေလွှဲဆည်၊ ရေတံခါးများ ကြံ့ခိုင်ရေးနှင့် ဘေးကင်း လုံခြုံစိတ်ချရမှုအတွက် အထူးအလေးထားဆောင်ရွက်ကြရန်၊ (၃)သီးစိုက်ဧကများ ပိုမိုစိုက်ပျိုးနိုင်ရေး အတွက် မြေနေရာရွေးချယ်ခြင်း၊ ထွန်ယက်ခြင်း၊ မျိုးစေ့ရရှိနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်နှင့် စိုက်ပျိုးရေ သိုလှောင်ထားရှိမှု၊ စိုက်ပျိုးရေပေးဝေနိုင်မည့် အခြေအနေများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)