နေပြည်တော် အောက်တိုဘာ ၂၇
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးတို့သည် ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်းအတွင်းရှိ ရှုခင်းကြည့်မျှော်စင်နှင့် ပုသိမ်မြို့ ၁၉ မိုင်ရှိ ငွေဆောင်အပန်းဖြေ ဆင်စခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခရီးသွားဧည့်သည်များ အန္တရာယ်ကင်းစွာ လေ့လာ ကြည့်ရှုနိုင်ရေးအတွက် မျှော်စင်အားအဆင့်မြှင့်တင်ရန်၊ ဆင်စခန်းကို ခရီးသွားများ ဆွဲဆောင်နိုင်အောင် ပြင်ဆင်ဆောင် ရွက်ရန်နှင့် ခရီးသွားမြှင့်တင်ရေး အစီအစဉ်များတွင် ထည့်သွင်း၍ ကြော်ငြာပေးရန် ကိစ္စ ရပ်များကို မှာကြားသည်။
ထို့နောက် ငွေဆောင်ကမ်းခြေရှိ ယမုံနာဦးဟိုတယ်၌ ငွေဆောင်ကမ်းခြေဒေသ စီမံခန့်ခွဲရေး အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေး၊ ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွား များကို ဆွဲဆောင်နိုင်ရန် ညဈေးတန်း ကဲ့သို့သော Night Life Activities များကို ဖန်တီးခြင်း၊ ကမ်းခြေတွင် ဆောင်ရွက်နိုင်မည့် အားကစားပြိုင်ပွဲများကို စီစဉ်ဆောင်ရွက်ခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ရိုးရာပွဲတော်များကို ပုံမှန်ကျင်းပဆောင်ရွက်ခြင်းများ ဖော်ထုတ်ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ငွေဆောင်ကမ်းခြေဒေသရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ခရီးသွားများ လာရောက် လည်ပတ်မှု အခြေအနေများ၊ ငွေဆောင် square တွင် ဖွင့်လှစ် ထားရှိသည့် ညဈေးတန်း၌ ခရီးသွား များအတွက် ဝန်ဆောင်မှုပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


