ရန်ကုန် အောက်တိုဘာ ၂၇
ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မွန်ပြည်နယ် လူမှုရေးရာ၀န်ကြီး ဦးစောကြည်နိုင် နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်သို့ ရောက်ရှိပြီး အဝေးသင် တက္ကသိုလ် ဒုတိယအသုတ် ဝိဇ္ဇာတွဲဘာသာရပ် စာမေးပွဲများဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တက္ကသိုလ်ပင်မဆောင် အစည်းအဝေးခန်း၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သင်ကြားသင်ယူမှု နည်းစနစ်များနှင့် ပရောဂျက် အခြေပြုသင်ကြားရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများကို မေးမြန်းဆွေးနွေးပြီး ပညာရေး၀န်ကြီးဌာန၏ မူဝါဒများကို ရှင်းလင်း ပြောကြားကာ ပါမောက္ခများ ထမ်းဆောင်ရမည့် တာ၀န်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို မှာကြား၍ တက္ကသိုလ်စာကြည့်တိုက်နှင့် ကျောင်းပရိဝုဏ် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် မော်လမြိုင် ပညာရေးဒီဂရီ ကောလိပ်သို့ ရောက်ရှိပြီး ဆရာ ဆရာမ များ နှင့်တွေ့ဆုံကာ စာသင်ဆောင်၊ အိပ်ဆောင်များတွင် ရေ၊ မီးပြည့်စုံရေး၊ wifi ရရှိရေး၊ သောက်ရေသန့်စနစ် တပ်ဆင်ရေး၊ အားကစားပစ္စည်းများ ဖြည့်ဆည်းရေးကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ ကျောင်းပရိဝုဏ် အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


