အစ္စလာမာဘတ် အောက်တိုဘာ ၂၇
ပါကစ္စတန်နိုင်ငံ၌ ပိုလီယိုရောဂါဖြစ်ပွားသူတစ်ဦးကို ယနေ့ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ လက်ရှိအချိန် အထိ ရောဂါကူးစက်ခံရသူပေါင်း ၄၁ ဦးအထိရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားသည်။
နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ် လိုရာလိုင်ခရိုင်မှ ကလေးတစ်ဦး တောရိုင်းပိုလီယို ဗိုင်းရပ်စ်ပိုးကူးစက်ခံစားနေရကြောင်း ဒေသဆိုင်ရာဓာတ်ခွဲခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ ယခုအချိန်အထိ ဘာလိုချီစတန်ပြည်နယ်မှ ရောဂါကူးစက်ခံရသူ ၂၁ ဦး၊ ဆင်းဒ်ရှ်ပြည်နယ် တောင်ပိုင်းမှ ၁၂ ဦး၊ အနောက်မြောက်ဘက် ခေဘာပါတ်တန်ခွာပြည်နယ်မှ ခြောက်ဦးနှင့် မြို့တော်အစ္စလာမာဘတ်မှ တစ်ဦးတို့ ရောဂါကူးစက်ခံနေရကြောင်း သိရသည်။
အဆိုပါ ရောဂါကူးစက်ခံရသည့် ပြည်နယ်များအနက် ဘာလိုချီစတန်ပြည်နယ်သည် တောရိုင်းပိုလီယို ဗိုင်းရပ်စ်အမျိုးအစား 1 ကူးစက်မှုကို ရင်ဆိုင် နေရသည်။
တစ်ချိန်တည်းတွင် နိုင်ငံအတွင်းရှိ ခရိုင်အသီးသီး၌ ကလေး ၄၅ သန်းကျော်ကို ကာကွယ်ဆေး တိုက်ကျွေးရန် ရည်ရွယ်ထားပြီး နိုင်ငံတစ်ဝန်းကာကွယ်ဆေးတိုက်ကျွေးရေးလှုပ်ရှားမှုတစ်ရပ်ကို အောက်တိုဘာ ၂၈ ရက်တွင် စတင်ရန်စီစဉ်ထားကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် – အောင်ကျော်ကျော်