ခါတွမ် အောက်တိုဘာ ၂၇
ဆူဒန်နိုင်ငံ၌ ငါးနှစ်အောက်ကလေး ၃ ဒသမ ၇ သန်းသည် ပြင်းထန်သောအာဟာရချို့တဲ့မှု အန္တရာယ်နှင့်ရင်ဆိုင်နေရပြီး နိုင်ငံတစ်ဝန်းရှိပြည်သူများသည် ပိုမိုဆိုးရွားလာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအေဂျင်စီ နှစ်ခုက သတိပေးပြောကြားသည်။
ယခုနှစ်အတွင်း အာဟာရချို့တဲ့မှုဒဏ်ခံရသည့် ငါးနှစ်အောက်ကလေး ၃ ဒသမ ၇ သန်းခန့်ရှိပြီး ၎င်းတို့သည် အသက်ကယ်ဆေးကုသမှုများ အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောကြားသည်။
အဆိုပါကလေးငယ်များသည် ငတ်မွတ်မှုဒဏ်ကြောင့် အားအင်နည်းပါးလျက်ရှိပြီး အသက်ကယ် ဆေးကုသမှုများ မကြာမီအချိန်တွင် မထောက်ပံ့နိုင်ပါက ၎င်းတို့သည် ကျန်းမာသန်စွမ်းသည့် သက်တူရွယ်တူများထက် သေဆုံးနိုင်ခြေ ၁၁ ဆ ပိုများကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)တို့၏ ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဆူဒန်ပြည်သူများသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီး အကူအညီများ အမြန်ဆုံးလိုအပ်နေ ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ လက်ထောက်မဟာမင်းကြီး ရော့ဖ်မာဖို့နှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ တက်ခ်ချိန်ဘင် တို့က ကြေညာချက်တွင် ထည့်သွင်းပြောကြားသည်။
အရေးကြီးသောအကူအညီများပေးအပ်ရာတွင် လက်ရှိကြုံတွေ့နေရသည့် အဓိကပြဿနာမှာ ဆူဒန် နိုင်ငံတစ်ဝန်း လိုအပ်နေသော လူမှုအသိုင်းအဝိုင်းများဆီသို့ လုံခြုံမှုရှိပြီး အတားအဆီးမရှိ ဝင်ရောက် နိုင်စေရေးပင်ဖြစ်ကြောင်းလည်း ကုလသမဂ္ဂအရာရှိနှစ်ဦးက အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် – အောင်ကျော်ကျော်