ဥတ္တရသီရိ အောက်တိုဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အကြိုစာပေပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ ပညာရတနာခန်းမနှင့် စာသင်ဆောင်များတွင် ကျင်းပသည်။
အဆိုပါ စာပေဆိုင်ရာအကြိုပြိုင်ပွဲများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၄၂)ဦး စုစုပေါင်း (၅၄)ဦး ဝင်ရောက်ယှဉ်ပြိုင်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများက ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာ ၂၉ ရက်တွင် ကျင်းပပြုလုပ်မည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အခမ်းအနားတွင် ဆုပေးပွဲအစီအစဉ်ဖြင့် ဂုဏ်ပြုချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားတွင် ပြခန်းများ၊ ဂိမ်းကစားနည်းများ၊ စာပေဆိုင်ရာစွမ်းရည်ပြိုင်ပွဲများ၊ စာအုပ်အရောင်းဆိုင်များ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)


