ထားဝယ် အောက်တိုဘာ ၂၈
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၉ နာရီတွင် ထားဝယ်မြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက် စွာကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်နောင်တို့က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ကဗျာလွတ်အက၊ ဘင်ခရာ၊ ပန်းပွားအကများနှင့် Finesse Dance အကများ၏ သီဆိုကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများကို အဖွဲ့အလိုက် ချီးမြှင့်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ စကားရည်လုပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၊ အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင် ခြယ်ပြိုင်ပွဲ၊ မြန်မာသတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးကွင်းလှည့် ကစားနည်း၊ ခွက်နင်းကစားနည်းများနှင့် စာအုပ်များ ခင်းကျင်းပြသထားနေမှုကို လှည့်လည်ကြည့်ရှုအားပေး၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိများက ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ကျောင်းသုံးဗလာစာအုပ်များကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ သင်ကြားသင်ယူမှုတွင် အထောက်အကူဖြစ်စေရန်၊ ကျောင်းသား/ကျောင်းသူများသည် စာကြည့်တိုက်မှတစ်ဆင့် အမျိုးသားယဉ်ကျေးမှုမြတ်နိုးစေရန်၊ အမျိုးဂုဏ်ဇာတိမာန်ထက်သန်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားရှိသည့် ကျောင်းစာကြည့်တိုက်နှင့် Computer စာစီစာရိုက်လေ့လာသင်ယူနေမှုကို ကြည့်ရှုအားပေးသည်။
ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၈)မှ ကျောင်းသား/ကျောင်းသူများ၊ အခြေခံပညာကျောင်းမှ လာရောက်လေ့လာသူများနှင့် ပန်းကံ့ကော်ရနံ့ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ Edu Park ကိုယ်ပိုင်အထက်တန်းကျောင်းမှ လေ့လာသူ စုစုပေါင်း (၁၂၀၀)ဦး ခန့်တက်ရောက်ခဲ့ကြပြီး ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကာ ပြိုင်ပွဲများတွင် ပျော်ပျော်ရွင်ရွင် ပါဝင်ဆင်နွှဲကြသည့် ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများကို အောက်တိုဘာ ၂၉ ရက်တွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)